News

POST TYPE

NEWS

ထရမ့်သည် ရုရှားကိစ္စနှင့်ပတ်သက်၍ သူ့ကိုယ်သူ အပြစ်မှခွင့်လွှတ်နိုင်သော်လည်း ထိုသို့ ပြုလုပ်မည်မဟုတ်ဟု ရှေ့နေပြောကြား


ဝါရှင်တန်၊ ဇွန် ၎

ဒေါ်နယ်ထရမ့်သည် ရုရှားလျှို့ဝှက်စွက်ဖက်မှုအရေးတွင် သူ့ကိုယ်သူ အပြစ်မှ ခွင့်လွှတ်ရန် အာဏာရှိသော်လည်း ထိုသို့ ပြုလုပ်ရန် ရည်ရွယ်ထားခြင်းမရှိဟု ၎င်း၏ရှေ့နေ ဂူလီယာနီက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ရုရှားတို့ ဝင်ရောက်စွက်ဖက်ခဲ့သောကဏ္ဍနှင့် ယင်းကိစ္စစုံစမ်းမှုကို ထရမ့်က ဟန့်တားခဲ့သလားဆိုသည်ကို အထူးစုံစမ်းရေးကောင်စီက စစ်ဆေးလျက်ရှိသည်။

အထူးကောင်စီသို့ ထရမ့်၏ရှေ့နေများကပေးခဲ့သောစာကို နယူးယောက်တိုင်းမ်က ထုတ်ပြန်လိုက်ပြီးနောက်တွင် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်မှုကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါစာတွင် ရှေ့နေများက ထရမ့်သည် တရားရေးအကြီးအကဲအား စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်စေနိုင်သည့် အာဏာနှင့်သူ့ကိုယ်သူ အပြစ်မှခွင့်လွှတ်နိုင်သည့်အာဏာများ ရှိသော်လည်း မည်သည့်အမှုတွင်မှ တရားစီရင်မှုကို ဟန့်တားရန် အကြောင်းမရှိကြောင်း ပြောကြားထားသည်။

ABC ရုပ်သံနှင့် အင်တာဗျူးတွင် ထရမ့်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဂူလီယာနီအား သမ္မတထရမ့်တွင် သူ့ကိုယ်သူ အပြစ်မှ ခွင့်လွှတ်ရန် အာဏာရှိသလားဟု မေးမြန်းသောအခါ “ရှိတာပေါ့။ ဒါပေမဲ့ သူ့ကိုယ်သူ အပြစ်ကနေခွင့်လွှတ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ တခြားသူတွေကို ခွင့်လွှတ်တာက သီးခြားကိစ္စတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့ကတော့ နောက်တစ်မျိုးပါ” ဟု ဂူလီယာနီက ပြောကြားသည်။

ရီပတ်ဘလစ်ကန် အမတ်အစု ခေါင်းဆောင် ကီဗင်မက္ကာသီကလည်း “သူ့ကိုယ်သူ အပြစ်က ခွင့်လွှတ်တဲ့ သမ္မတဆိုတာမရှိပါဘူး” ဟု CNN သို့ ပြောကြားခဲ့သည်။

အဆိုပါပြဿနာသည် ၂၀၁၆ သမ္မတမဲဆွယ်ပွဲတွင် ထရမ့်၏အဖွဲ့နှင့် ရုရှားတို့အကြား ပူးပေါင်းကြံစည်မှု ရှိ၊ မရှိကို ရောဘတ်မူလာ၏ အထူးစုံစမ်းစစ်ဆေးရေးကောင်စီက စုံစမ်းမှုကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထရမ့်ကမူ ရုရှားနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း မရှိကြောင်းနှင့် ယခုစုံစမ်းမှုသည် စုန်းမဖမ်းပွဲ (ရမ်းသမ်းစွပ်စွဲခြင်း) ဖြစ်ကြောင်း တစိုက်မတ်မတ် ပြောကြားခဲ့သည်။

ရောဘတ်မူလာကောင်စီ၏ စုံစမ်းစစ်ဆေးမှုတွင် ထရမ့်သည် မိုက်ကယ်ဖလင်းနှင့် ဂျိမ်းကိုမေတို့ကို ရာထူးမှ ထုတ်ပယ်ခြင်းအားဖြင့် စုံစမ်းမှုကို ဟန့်တားရန် ကြိုးစားခဲ့သည်ဟူသောအချက်ကို သုံးသပ်လျက်ရှိသည်။

ယခင်က သမ္မတ ရစ်ချတ်နစ်ဆင်၏အမှုတွင်မူ တရားရေးဌာနက သမ္မတသည် သူ့ကိုယ်သူ အပြစ်မှ ခွင့်လွှတ်နိုင်ခွင့်မရှိဟု မှတ်ချက်ပေးခဲ့ဖူးသော်လည်း အခြေခံဥပဒေတွင် ထိုအချက်ကို တားမြစ်ထားခြင်းမရှိဟုလည်း အချို့က အငြင်းပွားလျက်ရှိကြသည်။

ယခုပေါက်ကြား ထွက်ပေါ်လာသော စာတွင် ထိုအချက်ကို ကိုးကားထားခြင်းဖြစ်သည်။ အဆိုပါစာကို ထရမ့်၏ ရှေ့နေတစ်ဦးဖြစ်သူ ဂျွန်ဒေါက်က အဖွဲ့မှမထွက်မီ ဇန်နဝါရီ ၂၉ ရက် နေ့စွဲဖြင့် ရောဘတ်မူလာထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုစာတွင် သမ္မတသည် နိုင်ငံ၏ အရာရှိချုပ်ဖြစ်သောကြောင့် ထိ၍ မရနိုင်သူဖြစ်ကြောင်း ရည်ညွှန်းရန် ကြိုးစားထားပုံရပြီး သမ္မတကို ဆင့်ခေါ်၍ မရနိုင်၊ စွဲချက်တင်၍မရနိုင်၊ တရားစီရင်မှု ပိတ်ဆို့သည်ဟု အပြစ်တင်၍မရနိုင် အစရှိသော အဓိကအချက်များကို တင်ပြထားသည်။ 

ထို့ပြင် အခြေခံဥပဒေက သမ္မတထံအပ်နှင်းထားသော အာဏာများကို ကိုးကားကာ သမ္မတသည် စုံစမ်းမှုကို အဆုံးသတ်နိုင်သည့်အပြင် သူ့ကိုယ်သူ အပြစ်မှ ခွင့်လွှတ်ရန် အာဏာကိုပင် ကျင့်သုံးနိုင်သည်ဟု ဖော်ပြထားသည်။

F-04