News

POST TYPE

NEWS

အဂတိလိုက်စားမှု အညွှန်းကိန်းများ မြင့်တက်လာစေဖို့
အဂတိလိုက်စားမှုနှင့်ပတ်သက်လာလျှင် အပြည်ပြည်ဆိုင်ရာပွင့်လင်း မြင်သာမှုအဖွဲ့အစည်း (TI) ၏ အဂတိလိုက်စားမှုအညွှန်းကိန်းများဖြင့် ကိုးကားဖော်ပြလေ့ရှိပါသည်။ Transparency International (TI) ကား ဂျာမနီနိုင်ငံအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံစုံတွင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များဖြင့် စုစည်းဆောင်ရွက်ကာ အဂတိလိုက်စားမှုအညွှန်းကိန်းများကို နှစ်စဉ်ထုတ်ပြန်နေသောအဖွဲ့အစည်းလည်း ဖြစ်ပါသည်။ အဆိုပါအဖွဲ့ကြီး၏ အဂတိလိုက်စားမှုနှင့်ပတ်သက်သော အညွှန်းကိန်းများကိုထုတ်ပြန်ရာတွင် မည်သို့အကဲဖြတ်သည်၊ မည်သည်တို့ကို အခြေခံသည်၊ မည်သို့သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်ပြီး မည်ကဲ့သို့အချက်အလက်တို့ကို စာရင်းပြုစုသည်တို့ကို စုစည်းတင်ပြသွားပါမည်။ အဂတိအညွှန်းကိန်းများမြင့်မားနေခြင်းသည် တိုင်းပြည်ပုံရိပ်ကို ကျဆင်းစေသည်။ အဂတိလိုက်စားမှုအညွှန်းကိန်းများကို မည်ကဲ့သို့ တွက်ချက်ဖော်ပြသည်ကို သိရှိခြင်းဖြင့် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ကာ အဂတိလိုက်စားမှုအညွှန်းကိန်းများနှင့် ရမှတ်ကောင်းအောင်ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်၏အုပ်ချုပ်မှုကောင်းမွန်ခြင်းပုံရိပ်ကို ဖော်ပြနိုင်မည်ဖြစ်ပါသည်။ အဂတိလိုက်စားမှုအညွှန်းကိန်းကို (CPI) ကျွမ်းကျင်သူများ၏အကဲဖြတ်ချက်နှင့် အများပြည်သူတို့၏ဆန္ဒအမြင်ပေါ် အခြေခံကာ ပြုလုပ်ပါသည်။ ၁၉၉၅ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၁၇၆ နိုင်ငံထိကို အကဲဖြတ်လုပ်ဆောင်လျက်ရှိသည်။ အများပြည်သူဆိုင်ရာလုပ်ငန်းများ၏ အဆင့်အသီးသီးမှာ လုပ်ကိုင်လျက်ရှိသော ကျွမ်းကျင်သူများနှင့် ဂုဏ်သိက္ခာရှိသည်ဟုယူဆသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ထင်မြင်ယူဆချက်များအပေါ်တွင်အခြေပြုကာ အချက်အလက်ကိုစုဆောင်းပြီး ယင်းအချက်အလက်များကို စာရင်းအင်းပညာနည်းဖြင့် ပျမ်းမျှယူတွက်ချက်ပြီး အတည်ပြုကာ အဆင့်သတ်မှတ်ခွဲခြားကြခြင်းဖြစ်ပါသည်။ CPI ကို အောက်ပါလုပ်ထုံးလုပ်နည်းများဖြင့် တွက်ချက်သတ်မှတ်ပါသည်။ 

(၁) အချက်အလက်များရယူမည့်ရင်းမြစ်များကို ရွေးချယ်ခြင်း 

ခိုင်မာသေချာသောရင်းမြစ်များမှရရှိသည့် သတင်းနှင့်အချက်အလက်တို့ကိုသာ အသုံးပြုပါသည်။ အချက်အလက်များ ခိုင်မာသေချာမှုအတွက် အင်စတီကျူးရှင်းများကိုပါ စိစစ်ရွေးချယ်ရုံမက အချက်အလက်ကောက်ခံပုံကိုလည်း စိစစ်လေ့လာပါသည်။ TI ၏မူအရ အချက်အလက်များကိုးကားအသုံးပြုရန် ရွေးချယ်ထားသောရင်းမြစ်များမှ အချက်အလက်ကောက်ခံရာတွင် အောက်ဖော်ပြပါအချက်အလက်တို့ကို အခြေခံကာ ပါဝင်ရမည်ဟု သတ်မှတ်ထားပါသည်။ 

- အများပြည်သူဆိုင်ရာကဏ္ဍတွင် အဂတိလိုက်စားမှုအရေအတွက်ကို ဖော်ပြပါရှိရမည်။ 
- အခြားသောနိုင်ငံများကိုအကဲဖြတ်ရာတွင်သုံးသည့် စံနှင့်ခိုင်မာ အကျုံးဝင်သည့်လုပ်ငန်းစဉ်များကို အသုံးပြုကောက်ခံရရှိထားသော အချက်အလက်များဖြစ်ရမည်။ 
- ခိုင်မာအားကောင်းသော အင်စတီကျူးရှင်းများက ကောက်ယူသောအချက်အလက်များဖြစ်ပြီး ၎င်းအင်စတီကျူးရှင်းတို့အနေနှင့်လည်း ပုံမှန်အကြိမ်ကြိမ်ကောက်ယူထားရာမှ ရရှိခြင်းဖြစ်ရမည်။ 
- နိုင်ငံများအကြား သိသိသာသာခွဲခြားနိုင်သည့် သေချာသည့် ရမှတ်ပြောင်းလဲခြင်းများကိုလည်း ထည့်သွင်းတွက်ချက်ရမည်။ 

(၂) အချက်အလက်များကောက်ယူသည့်ရင်းမြစ်များ၏ စံသတ်မှတ်ပုံတူညီခြင်း 

- အမှတ် ဝ မှ ၁၀၀ အထိပေးထားပြီး၊ ဝ မှာ အဂတိလိုက်စားမှုအကင်းစင်ဆုံးဖြစ်ပြီး ၁၀၀ မှာ အဆိုးဆုံးဖြစ်ပါသည်။ ဤအချက်တို့ကိုကောက်ခံထားသည့်အချက်အလက်များမှ အလယ်ကိန်းတို့နုတ်ပြီး၊ စံသွေဖယ်ကိန်းဖြင့်စားကာ ရရှိလာသောရလဒ်ကို တွက်ချက်ဖော်ပြခြင်း ဖြစ်ပါသည်။ နှစ်အလိုက် စံသွေဖယ်ကိန်းယူသည့်ပုံစံနှင့် အချက်အလက်များမှာ ယခင်နှစ်များမှ ကောက်ခံရရှိသော အချက်အလက်တို့ကိုလည်း ကိုးကားဖော်ပြလေ့ရှိပါသည်။ အဖွဲ့ပေါင်းစုံ အင်စတီကျူးရှင်းပေါင်းစုံမှ ရရှိလာသော အချက်အလက်များကို CPI တွက်ချက်မှုအတွက် ဘောင်ဝင်အောင်စံပြုထားသော တွက်ချက်မှုစနစ်တွင်ထည့်ကာ ညှိယူကြလေ့ရှိပါသည်။

(၃) ပျမ်းမျှတွက်ချက်ခြင်း 

- CPI အညွှန်းကိန်းဖော်ပြခံရရန်အတွက် အပြည်ပြည်ဆိုင်ရာက ခိုင်မာအားကောင်းသော အင်စတီကျူးရှင်းများအဖြစ် အသိအမှတ်ပြုခံထားသည့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ (World Bank)၊ Economic Intelligence Unit၊ Freedom  House၊ Global Insight၊ African Development Bank၊ World Economic Forum စသည့်အဖွဲ့အစည်း ကြီးများ၏ အကဲဖြတ်သည့်အချက်အလက်များကို ပျမ်းမျှယူပြန်လည်တွက်ချက်ခြင်းဖြစ်ပါသည်။ အနည်းဆုံး အထက်ပါအဖွဲ့အစည်းမျိုး သုံးဖွဲ့၏ အကဲဖြတ်ထားသည့်အချက်အလက်များ ပါရှိရပါသည်။ တွက်ချက်မှု ရလဒ်များအားလုံးကို ကိန်းပြည့်အဖြစ်သာဖော်ပြပါသည်။ 

အင်စတီကျူးရှင်းများ၏ အချက်အလက်များကို စုံစမ်းကောက်ခံအကဲဖြတ်ပုံ 

အထက်ဖော်ပြပါ အင်စတီကျူးရှင်းများအနေနှင့် အချက်အလက် ကောက်ခံရာတွင် ယေဘုယျအားဖြင့် တူညီသောနည်းလမ်းများနှင့် အဓိကကွဲပြားခြားနားကြပုံများအကြောင်းကို တင်ပြသွားပါမည်။ အများစုမှာ အင်စတီကျူးရှင်းဆိုင်ရာ မူဘောင်များနှင့်သက်ဆိုင်ပါသည်။ ဖွံ့ဖြိုးရေး အထောက်အပံ့များကို အထိရောက်ဆုံး အသုံးချနိုင်အောင်ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်သည့် အရည်အသွေးနှင့်သက်ဆိုင်ပါသည်။ အကဲဖြတ်ခြင်းကို မူဝါဒရေးရာခွဲခြမ်းစိတ်ဖြာမှုတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်သည့် စီးပွားရေးပညာရှင်များက လုပ်ဆောင်လေ့ရှိပါသည်။ ၎င်းတို့ အတွေ့အကြုံနှင့် ပညာရပ်ကျွမ်းကျင်မှုအပေါ်အခြေခံကာ ဒေသခံများထံမှ အရည်အသွေးရော အရေအတွက်ပါအခြေပြုသည့် နည်းလမ်းများဖြင့် အချက်အလက်များကို စုဆောင်းကောက်ယူပါသည်။ ယင်းအတွက် သက်ဆိုင်ရာ ဒေသခံများနှင့် မကြာခဏ အနီးကပ်တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ကြပါသည်။ ဆွေးနွေးမေးမြန်းရာတွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍လည်းကောင်း၊ ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍လည်းကောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်ပတ်သက်၍လည်းကောင်း အမြင်များကို အဓိကထားကာ မေးမြန်းကြပါသည်။ အထူးသဖြင့် အများပြည်သူဆိုင်ရာကဏ္ဍများနှင့် သက်ဆိုင်တတ်ကြပါသည်။ အများပြည်သူဆိုင်ရာကဏ္ဍတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ရွေးကောက်ခံများ၊ ဗျူရိုကရက်များ၊ တရားစီရင် ရေးဆိုင်ရာပုဂ္ဂိုလ်များအနေနှင့် နိုင်ငံ၏အရင်းအမြစ်များ၊ ဖွံ့ဖြိုးရေး အထောက်အကူများကို အသုံးပြုရာတွင် မည်သို့ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည်၊ တာဝန်ခံမှုအတိုင်းအတာ၊ အချက်အလက်များကို အများပြည်သူ အလွယ်တကူသိရှိအောင် ထုတ်ပြန်မှု၊ အခြားသောအရပ်ဘက် အဖွဲ့အစည်းများ၊ စာရင်းစစ်များနှင့် မီဒီယာများထံမှ အသေးစိတ်စုံစမ်းမေးမြန်းရေးသားခံနိုင်မှု စသည်တို့အပေါ်တွင် မေးမြန်းစုံစမ်း အချက်အလက် ကောက်ခံကြပါသည်။ ကောက်ခံရရှိသောအချက်အလက်များကို အောက်ပါအတိုင်း ခေါင်းစဉ်ခွဲကာ အမှတ်ပေးကြပါသည်။ 

(က) အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍမှ တာဝန်ရှိဝန်ထမ်းများ၏အရည်အသွေးနှင့် တာဝန်ကျေပွန်မှုအပေါ်တွင် အုပ်ချုပ်ရေးပိုင်းက တာဝန်ခံနိုင်မှု။ 

(ခ) အများပြည်သူဆိုင်ရာကဏ္ဍအားလုံးနှင့် သက်ဆိုင်သောအချက် အလက်များကို အလွယ်တကူသိရှိနိုင်အောင် စီမံထားရှိမှုနှင့် 

(ဂ) ကိုယ်ကျိုးစီးပွားသက်သက်အတွက် နိုင်ငံရေးကဏ္ဍမှ အကျင့်ပျက်ခြစားမှုအခြေအနေများ စသည့်ခေါင်းစဉ်အသီးသီးအောက်မှဆန်း စစ်ချက်များအပေါ်တွင် အမှတ်ပေးပါသည်။ 

အမှတ်ပေးရာတွင် တစ်နှစ်ချင်းစီအတွက် ယူလေ့မရှိဘဲ အနည်းဆုံး သုံးနှစ်ရလဒ်ပေါင်းကို စောင့်ကြည့်အမှတ်ပေးလေ့ရှိပါသည်။ သုံးနှစ်မှသည် ခြောက်နှစ်အထိရလဒ်တို့ကို ပေါင်းကာ အမှတ်အနည်းအများပေးကြခြင်းဖြစ်ပါသည်။ 

အများဆုံးမေးလေ့ရှိသောမေးခွန်းများနှင့် စစ်တမ်းများမှာ 

(၁) ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲရာတွင် ရှင်းလင်းလွယ်ကူသော လုပ်ထုံးလုပ်နည်းများ ရှိ မရှိနှင့် တာဝန်ခံနိုင်မှုအဆင့်အတန်း 

(၂) ဝန်ကြီးများ၊ အရာရှိကြီးများမှ ပြည်သူ့ဘဏ္ဍာကို ကိုယ်ကျိုးအတွက်သော်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများအတွက်သော်လည်းကောင်း အလွဲသုံးစားပြုမှုများ 

(၃) တာဝန်မခံမှုကြောင့်ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်ဆည်းပေးမည့်ရန်ပုံငွေမျိုး ရှိ မရှိ 

(၄) ပြည်သူ့ဘဏ္ဍာငွေများ အလွဲသုံးစားပြုခံရမှုအခြေအနေအရပ်ရပ် 

(၅) ပြည်သူ့ဝန်ထမ်းများကို ရွေးချယ်ခန့်အပ်သည့်ပုံစံ (ဝန်ထမ်းရွေးချယ်ရေးအတွက် ပြင်ပကျွမ်းကျင်အဖွဲ့များဖြင့် ရွေးချယ်ခြင်း၊ သို့မဟုတ် အစိုးရကိုယ်တိုင်ရွေးချယ်ခြင်း၊ ဝန်ထမ်းစည်းမျဉ်းဥပဒေများနှင့် ခန့်အပ်ပုံ၊ ရာထူးအဆင့်တိုးတက်ရရှိပုံများ) 

(၆) ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအတွက် လွတ်လပ်သောစာရင်းစစ်အဖွဲ့ ရှိ မရှိ 

(၇) အလွဲသုံးစားမှု၊ အဂတိလိုက်စားသောအရာရှိများကို နိုင်ငံရေးအရာရှိများကို ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးနိုင်သော တရားစီရင်ရေးစနစ် ရှိ မရှိ။ 

(၈) အခွင့်အရေးပိုမိုရရှိရန်၊ ကန်ထရိုက်များရရှိရန် လာဘ်ပေးရသည့်ထုံးစံ ရှိ မရှိ 

(၉) အစိုးရမှာ ထိရောက်သောအဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုများကို အကောင်အထည်ဖော်ခြင်း ရှိ မရှိ။ 

(၁၀) အဂတိလိုက်စား၍ ရနိုင်သည့်အခွင့်အရေးများကိုဖြစ်စေသော ဗျူရိုကရက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လိုင်စင်လိုအပ်ချက်များ၊ မှတ်ပုံတင်ရန်လိုအပ်ချက်များ အလွန်အကျွံများပြားမှု ရှိ မရှိ 

(၁၁) ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှုနှင့် အကျိုးစီးပွားပဋိပက္ခများ ကာကွယ်ရေးအတွက် သင့်တော်သောဥပဒေများ ပြဋ္ဌာန်းထားခြင်း ရှိ မရှိ။ 

(၁၂) အလုပ်များနှင့် ကန်ထရိုက်ဆိုင်ရာလုပ်ငန်းများအတွက် အစိုးရက ကြေညာခြင်း ရှိ မရှိ 

(၁၃) အဂတိလိုက်စားမှုကင်းစင်ရေးအတွက် လုပ်ဆောင်ချက်များကို နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုများမှကာကွယ်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးဖြစ်စဉ်တို့တွင် တွန်းအားပေးမှုပြုလုပ်ထားပုံများ

(၁၄) အဂတိလိုက်စားမှုကင်းစင်ရေး တက်ကြွလှုပ်ရှားသူများ၊ သတင်းစာဆရာများ၊ သတင်းပေးတိုင်ကြားသူများအနေနှင့် ၎င်းတို့ အဂတိလိုက်စားမှုများ ဖော်ထုတ်ရာတွင်လုံခြုံမှုရှိသည်ဟု ခံစားရခြင်း ရှိ မရှိ (သို့မဟုတ်) လုံလောက်သောဥပဒေနှင့် အကာအကွယ်များရှိသည်ဟု ခံစားရခြင်း ရှိ မရှိ။ 

(၁၅) အများပြည်သူအနေနှင့် နိုင်ငံရေးသမားများနှင့် စီးပွားရေးသမားတို့နှင့် သံသယဖြစ်ဖွယ် ကိုယ်ကျိုးစီးပွားဦးတည်သော ပူးပေါင်းဆောင်ရွက်မှုများ၊ ဆွေမျိုးကောင်းစားရေးဝါဒ၊ အလွန်အကျွံနေရာ ပေးအပ်မှု၊ အလုပ်အကိုင်ကြိုတင်လျာထားပေးမှုများ၊ လုပ်ပိုင်ခွင့်ရှိသူ အချင်းချင်း အခွင့်အရေးဖလှယ်မှုများနှင့် လျှို့ဝှက်ထောက်ပံ့ငွေများ ရှိသည်ဟု ခံစားရခြင်း ရှိ မရှိ 

(၁၆) တရားစီရင်ဆုံးဖြတ်ရာတွင် အထူးအခွင့်အရေးများရနေခြင်း ကိစ္စရပ်များ ရှိ မရှိ 

(၁၇) တိုင်းပြည်တွင် အများနည်းတူအခွင့်အရေးထက်ပိုမိုရရှိနေ သောဥပဒေအထက်မှ လူတန်းစားများ ရှိ မရှိ အစရှိသောမေးခွန်းများကို အများပြည်သူအများစုထံမှ အမြင်များကောက်ခံကာ အမှတ်ပေးကြသည်။ ယင်းအချက်ကိုအခြေတည်ကာ သက်ဆိုင်ရာအင်စတီကျူးရှင်းတို့မှ ပညာ ရှင်များကပြန်လည်တွက်ချက်ကာ ၎င်းတို့အဖွဲ့ကိုယ်စား အညွှန်းကိန်းများကိုထုတ်ပြန်လေ့ရှိပါသည်။ 

TI မှပင် အနည်းဆုံးအင်စတီကျူးရှင်းသုံးခု၏ ယင်းအညွှန်းကိန်းများကို တစ်ဖန်ပြန်လည်ပျမ်းမျှယူ တွက်ချက်ခြင်း၊ နိုင်ငံသားနှင့် ပညာရှင်တို့် သဘောထားအမြင်များကို ပေါင်းစပ်ကာနှစ်အလိုက် အဂတိလိုက်စားမှု အညွှန်းကိန်းများကို ထုတ်ပြန်ပါသည်။ ယင်းသို့ထုတ်ပြန်ရာတွင်လည်းအားနည်းချက်၊ တိုးတက်လာမှုများနှင့် မသေချာမှုများကိုပါ အမြဲပူးတွဲဖော်ပြလေ့ရှိပါသည်။ မြန်မာနိုင်ငံအနေနှင့် ၂၀၀၃ တွင် TI ၏ CPI အဆင့် ၁၂၉ ဖြင့် စတင်ဖော်ပြခြင်းခံရပါသည်။၂၀၀၆ မှသည် ၂၀၁၀ အထိ အဂတိလိုက်စားမှုအညွှန်းကိန်းတွင် ဒုတိယအဆိုးရွားဆုံးနိုင်ငံအဖြစ် ဖော်ပြခံခဲ့ရသည်။ ၂၀၁၅ တွင် နိုင်ငံ၏ အဂတိလိုက်စားမှု ဒုတိယအဆိုးရွားဆုံးမှ လွတ်မြောက်လာခဲ့သော်လည်း အဂတိလိုက်စားမှုဆိုးရွားသောနိုင်ငံစာရင်းမှ မလွတ်မြောက်သေးပါ။ ၂၀၁၅ တွင် နိုင်ငံပေါင်း ၁၆၇ နိုင်ငံတွင် CPI အဆင့် ၁၄၇ ရောက်ရှိခဲ့သော်လည်း ရမှတ် ၂၂ သာရှိ၍ သိသာသော ပြောင်းလဲ၍တိုးတက်ခြင်းမျိုးမဟုတ်ဘဲ အဂတိလိုက်စားမှုဆိုးရွားလာသော အခြားနိုင်ငံများကြောင့် အဆင့်တိုးတက်ခဲ့ရခြင်းသာဖြစ်ပါသည်။ ၂၀၁၇ တွင် ရမှတ် ၃၀ အထိတိုးတက်လာခဲ့ကာ CPI အဆင့်မှာလည်း ၁၃၀ အထိတိုးလာခြင်းသည် ထိုက်သင့်သောပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း၏ရလဒ်များ ဖြစ်ပါသည်။ ဤအညွှန်းကိန်းသည် တိုင်းပြည်၏ကောင်းမွန်သောအုပ်ချုပ်ရေးကို ဖော်ပြထားသည်သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အားကိုးအားထားပြုသည့်အဖွဲ့အစည်းနှင့် အင်စတီကျူးရှင်းတို့မှ ထုတ်ပြန်မှုအချက်အလက်များပေါ်တွင် မူတည်ထုတ်ပြန်ခြင်းလည်း ပါဝင်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရှိရေးနှင့် ဖွံ့ဖြိုးမှုအကူအညီများ ရရှိရေးတို့အတွက် အရေးပါသောပြင်ဆင်မှုလည်းဖြစ်ပါသည်။ 

မြန်မာပြည်၏ အဓိကအဂတိလိုက်စားမှုပုံစံမှာ သက်သေအထောက်အထားကင်းမဲ့မှုများပါသည်။ မြန်မာပြည်သည် အချက်အလက်များ ကင်းမဲ့မှုကြောင့် တစ်နည်းဆိုသော် ပွင့်လင်းမြင်သာမှုအားနည်း၍ အကဲဖြတ်ရာတွင် ရမှတ်နည်းရခြင်းဖြစ်ပါသည်။ ယင်းအချက်ကို TI ၏ မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာတွင်လည်း ဖော်ပြထားပါသည်။ အချက်အလက်များကို ပိုမိုပွင့်လင်းမြင်သာစွာရရှိအောင်ဆောင်ရွက်ခြင်း၊ ပြည်သူလူထု ပိုမိုပူးပေါင်းပါဝင်အောင် လှုံ့ဆော်ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အများပြည်သူပူးပေါင်းပါဝင်မှုကို မြင့်မားစေခြင်း၊ လိုအပ်သောဥပဒေ၊ နည်းဥပဒေများကို အလျင်အမြန်ပြဋ္ဌာန်းဆောင်ရွက်ခြင်းတို့ဖြင့် နောင်လာမည့်နှစ်အနည်းငယ်အတွင်းတွင် အဂတိလိုက်စားမှု အညွှန်းကိန်းအဆင့်အတန်းနှင့်ရမှတ်မှာ ပိုမိုမြင့်မားလာပါလိမ့်မည်။ တိုင်းပြည်၏ တိုးတက်ဖွံ့ဖြိုးမှုကိုရှေးရှုကာ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူလူထုတစ်ရပ်လုံးမှပူးပေါင်းပါဝင် အကောင်အထည်ဖော်နိုင်ကြပါစေရန် မျှော်လင့်ကာ ဆန္ဒပြုလိုက်ရပါသည်။ 

ဖြိုးမင်းလျှံ