News

POST TYPE

NEWS

ဧရာဝတီတိုင်းတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၆ ခုကို ခွင့်ပြု
04-Jun-2018

ပုသိမ်၊ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်အထိ ကျပ်သန်း ၄၇,၆၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၆ ခုကို လုပ်ကိုင်ခွင့်ပြုထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ကျပ်သန်း ၂၄၀၀ တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ခုနှင့် ကျပ်သန်း ၄၅,၀၀၀ ဒသမ ဝ၉၄ ဖိုးရှိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁၃ ခုတို့ကို ခွင့်ပြုနိုင်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းများအနက် ခွင့်ပြုသင့် ခွင့်ပြုထိုက်သော လုပ်ငန်းများကို တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့်အညီ စိစစ်ခွင့်ပြုပေးကြောင်း ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

“စိစစ်တာ ကြီးကြပ်တာ နောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပတ်သက်ပြီး တွေ့ကြုံရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့အတွက် ဆပ်ကော်မတီတွေလည်း သီးခြားဖွဲ့စည်းပေးထားတာ ရှိပါတယ်”ဟု ၎င်းက ရှင်းပြသည်။ 

လပွတ္တာမြို့နယ်တွင် ၁ ခု၊ ငွေဆောင်ကမ်းခြေတွင် ၄ ခု၊ ချောင်းသာကမ်းခြေတွင် ၂ ခု၊ မြောင်းမြမြို့နယ်တွင် ၂ ခု ၊ ပန်းတနော်မြို့နယ်တွင် ၁ ခု၊ ညောင်တုန်းမြို့နယ်တွင် ၄ ခု၊ ပုသိမ်မြို့တွင် ၁ ခုနှင့် မအူပင်မြို့တို့တွင် ၁ ခုဖြစ်ပြီး စက်မှုကဏ္ဍအတွက် ၃ ခု၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးရေးကဏ္ဍ ၄ ခု ၊ လျှပ်စစ်စွမ်းအားကဏ္ဍ ၁ ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ၁ ခု၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ၃ ခု၊ လယ်ယာကဏ္ဍ ၁ ခုနှင့် အခြားကဏ္ဍ ၃ ခု စုစုပေါင်း ၁၆ ခုတို့ကို ခွင့်ပြုထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။ 

R-12

  • VIA