News

POST TYPE

NEWS

အောင်ဘာလေထီတော့ ပြောမိတော့မယ်
03-Jun-2018 tagged as ထီလက်မှတ်

ဆရာကောင်းဆက်နိုင်ရဲ့ စကားကိုတော့ ယူသုံးလိုက်မိပြီ။ နောက်မှ ခွင့်ပြုချက်တောင်းမယ်။ ကိုယ့်နယ်သားချင်းတွေပဲ။ ရပါတယ်။ ပြောချင်တာက အောင်ဘာလေထီ။ ဆုကြေးတွေတိုး၊ ရောင်းဈေးနှုန်းတွေ တိုးမတဲ့။ မပြောမပြီး မတီးမည်ပဲလေ။

စာရေးသူက ထီဝါသနာအိုးဗျ။ ထီထိုးဆို တစ်စောင် ၂ ကျပ် ခေတ်ကတည်းက ဆိုပါတော့။ အဲဒီတုန်းက ထီတစ်စောင် ၂ ကျပ်ဆိုတာ ဘယ်ဆိုင်ဝယ်ဝယ် နှစ်ကျပ်ပဲနော်။ အဲဒီတုန်းက ထီတစ်စောင်နှစ်ကျပ်။ ဆုကြေးက တစ်သိန်း။ အဲဒီနောက် ၁၉၈၈ ဒီဇင်ဘာ ၂၀ ကျတော့ ထီတစ်စောင် ငါးကျပ်၊ ဆုကြေးက ငါးသိန်း။ ၁၉၉၁ ဧပြီကျတော့ ထီတစ်စောင် ၁၀ ကျပ်၊ ဆုကြေး ၁၀ သိန်း။ ၁၉၉၈ ဒီဇင်ဘာမှာ ထီတစ်စောင် ၅၀ ကျပ်၊ ဆုကြေးသိန်း ၃၀၀။ ၂၀၀၅ နိုဝင်ဘာမှာ ထီတစ်စောင် ၁၀၀ ကျပ်၊ ဆုကြေး သိန်း ၅၀၀။ ၂၀၀၉ ဇန်နဝါရီမှာ ထီတစ်စောင် ၂၀၀ ကျပ်၊ ဆုကြေး သိန်း ၁၀၀၀။ ၂၀၁၂ ဇန်နဝါရီမှာ ထီတစ်စောင် ၂၀၀ ကျပ်၊ ဆုကြေး သိန်း ၁၅၀၀။

ထီတစ်စောင် ၂၀၀ ခေတ်မှာ ၂၀၀ ကျပ်နဲ့ဝယ်ရဖို့ဆိုတာ ရှားပါတယ်။ ထီတစ်စောင်ကို ကျပ် ၃၅၀ ပေးဝယ်ခဲ့ရတယ်။ ထီဆိုင်တွေရဲ့ သီးခြားဆုကြေးတွေ မက်လောက်အောင် ပေးခဲ့တယ်။ နောက်ဆုံး ဖျက်သိမ်းပြီး ၂၀၁၇ ခုနှစ်မှာ ထီတစ်စောင် ၅၀၀။ ဆုကြေး သိန်းတစ်သောင်းလုပ်ခဲ့တာ အားလုံး အသိ။ ဒါပေမဲ့ ပြည်သူတွေမှာ ထီတစ်စောင် ၅၀၀ နဲ့ နေရာတိုင်းမှာ ဝယ်မရဘူး။ အစပိုင်းတုန်းကတော့ သတင်းပေးတိုင်ကြားရင်ကိုပဲ ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်ခဲ့ကြတာပဲ မဟုတ်လား။ လက်ရှိအခြေအနေကို ကြည့်ပါ။ ထီတစ်စောင် ဘယ်လောက်ဖြစ်နေသလဲ။

ကဲ... ခုဆုကြေး ကျပ်သိန်းတစ်သောင်းအထက် ချီးမြှင့်မယ်။ ကျပ်တစ်ထောင်တန်ထီကို အောက်တိုဘာလမှာ စတင်ထုတ်ဖို့ စီစဉ်နေကြောင်း သိရတယ်။ ကျပ် ၅၀၀ တန်ရော ၁၀၀၀ တန်ဟာ လက်ပွေ့ရောင်းချသူတွေ ပိုပြီးတွက်ခြေကိုက်မတဲ့။ ကျပ်တစ်ထောင်တန်က ဆုကြေးများမှ ဝယ်သူ စိတ်ဝင်စားမတဲ့။ ဈေးတင်ရောင်းတာက နံပါတ်အလှ လိုချင်ကြလို့တဲ့။ ၅၀၀ ကျပ်တန်ရော ၁၀၀၀ ကျပ်တန်ပါထုတ်မှာတဲ့။ အီလက်ထရွန်နစ် ထီစနစ်လည်း လုပ်ဦးမတဲ့။ နိုင်ငံအတွက် အခွန်ဘဏ္ဍာပိုရမတဲ့။

အောင်ဘာလေထီနဲ့ပတ်သက်ရင် အခုလိုတိုးမြှင့်လုပ်တာ ကောင်းသလား။ မကောင်းဘူးလား။ ထောက်ခံသလား။ ကန့်ကွက်သလား။ အဲဒါတွေမဖြေခင်မှာ စဉ်းစားကြည့်ဖို့က အောင်ဘာလေထီဖွင့်ခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ တိုင်းပြည်အခွန်ဘဏ္ဍာတိုးမြှင့်ရရေး သက်သက်ပဲလား။ ဒါမှမဟုတ် လက်ချိုးရေတွက်လို့ရမယ့် သူဌေးအရေအတွက် တိုးဖို့လား။ ဒါမှမဟုတ် ပြည်သူလူထုတစ်ရပ်လုံး အတန်သင့်ချမ်းသာမယ့် အစီအမံမျိုး လုပ်မှာလား။ စဉ်းစားပါ။

ဟုတ်ပြီ။ တိုင်းပြည်ဘဏ္ဍာလည်း အများကြီးရချင်တယ်။ ကျိကျိတက်ချမ်းသာသွားတဲ့ ရေတွက်လို့ရတဲ့အရေအတွက်ပဲ ရစေချင်တယ်ဆိုရင် ထီတစ်စောင်ကို ၃၊ ၄ ထောင်နဲ့ ရောင်းလိုက်ပါ။ ထီဆုကြေးကိုလည်း သန်းချီပြီးပေးလိုက်ပါ။ အနိမ့်ဆုံးဟာ သောင်းဂဏန်းပေါ့။ ဒါမှ သောင်းချီ သန်းချီ ချမ်းသာသူ (အရေအတွက်အနည်းငယ်) ဖြစ်လာမှာ။ နိုင်ငံကလည်း သပိတ်ဝင်အိတ်ဝင် အခွန်ဘဏ္ဍာရပြီးသားပေါ့။ ဒါဆို သာမန်လက်လုပ်လက်စားတွေနဲ့ အခြေခံလူတန်းစား မထိုးနိုင်လောက်ဘူး။ ၅၀၀ တန်ထီရှိဦးတော့ လူဆိုတာ များများလိုချင်တာပဲလေ။ ဒါပေမဲ့ လောဘဆိုတာ ဆင်းရဲသားထက် ချမ်းသားသူက ပိုဖြစ်တာ။ ရှိစေတော့။ နောက်တစ်နည်း။ နိုင်ငံလည်း ဘဏ္ဍာရစေ။ လူတိုင်းကံစမ်းနိုင်မယ့် ထီဈေးနှုန်းလည်း ဖြစ်ပါစေ။ အနိမ့်ဆုံး ထီဆုကြေး ၅၀၀ နဲ့ အမြင့်ဆုံး သောင်းဂဏန်းပေါ့။ ဒါဆိုရင် အလယ်အလတ်တန်းစား လူချမ်းသာလေးတွေများလာမယ်။ ဒီခေတ်မှာ သမားရိုးကျ သမ္မာအာဇီဝကျကျ လုပ်ကိုင်စားသောက်သူတစ်ယောက်မှာ သိန်းလေးငါးရာစုမိဖို့ဆိုတာ လွယ်သလား။ အဲဒီလိုများရှိသလားလို့ စစ်တမ်းကောက်ကြည့်စမ်းပါ။ ဒီတော့ သိန်း ၅၀၀ ပေါက်ရင်၊ သိန်းတစ်ထောင်ပေါက်ရင် အဲဒီမိသားစုတစ်ခုလုံး ဘဝတစ်ဆစ်ချိုး မပြောင်းလဲသွားနိုင်ဘူးလား။ ၁၀၀၀ ဆု၊ ၂၀၀၀ ဆု၊ ၃၀၀၀ ဆုတွေလည်းထည့်မယ်။ ဘာမှသုံးစားမရတဲ့ ထီဆုသေးတွေ ဖြုတ်ပစ်မယ်။ တစ်လကို သောင်းချီသူဌေးတစ်ယောက်ထက် သိန်းထောင်ချီတဲ့သူဌေး၊ သိန်းရာချီတဲ့သူဌေး အယောက် ၂၀၊ အယောက် ၃၀၊ ၄၀ ရသလောက် မွေးထုတ်ကြစမ်းပါ။

သိန်း ၅၀၀ ထီပေါက်လိုက်တဲ့ မိသားစုတစ်စုဘဝကို တွေးကြည့်လိုက်စမ်းပါ။ ဘဝအိပ်မက်တွေ ပြည့်စုံသွားပြီလို့တောင် ပြောနိုင်မယ်။ ဒီကနေ့ နိုင်ငံတော်က အရစ်ကျရောင်းချနေတဲ့ အိမ်ရာစီမံကိန်းတွေကို အိပ်မက်မက်လို့ရသွားပါပြီ။ အဲဒီလိုလူတွေအများကြီး လစဉ်ရွေးချယ်သွားနိုင်ရင် မကောင်းဘူးလား။ ဒီတော့ အခြေခံလူတန်းစားတွေ များများစိတ်ကူးယဉ်နိုင်ဖို့ သူတို့တတ်နိုင်တဲ့ငွေကြေးမျိုး (ထီတန်ဖိုး) (ဆုကြေး ၅၀၀/၁၀၀၀ များများ) မဖြစ်သင့်ဘူးလား။ ဆိုလိုတာက ဆုကြေးများများကို စိတ်ဝင်စားမယ့် ငွေကြေးကြွယ်ဝသူတွေထက် တစ်နိုင်တစ်ပိုင်ငွေကြေးနဲ့ အခြေခံ လူတန်းစားတွေ များများပေါ်ထွန်းစေမယ့် အနေအထားမျိုးကို စဉ်းစားကြရင် မကောင်းဘူးလား။

ထီဆိုတာ ငွေကြေးချမ်းသာသူတွေ ပေါပြည့်စုံသူတွေရဲ့ စိတ်ကူးယဉ်စရာ ငွေကြေးဈေးကွက် မဖြစ်သင့်ဘူး။ မရှိနွမ်းပါးသူတွေရဲ့ ရင်းနှီးမြှုပ်နှံတဲ့နေရာပဲ ဖြစ်သင့်တယ်။ အခြေခံလူတန်းစားတွေများများ ကံစမ်းခွင့်ရရှိမယ့်အိပ်မက်တွေ တကယ်ဖြစ်လာစေမယ့် နိုင်ငံတော်က ပေးတဲ့ဆုလာဘ်မျိုး ဖြစ်သင့်တယ်။ ဆိုလိုတာက “ပန်းလည်းလှစေ ပျားလည်းဝစေ” မယ့် အဖြစ်မျိုးသာ ဖြစ်သင့်တယ်။

နောက်တစ်ချက်တော့ ပြောချင်သေးတယ်။ ဈေးတင်ရောင်းချတဲ့ ကိစ္စ။ ထီတစ်စောင် ကျပ် ၂၀၀ ခေတ်ကစပြီး ဈေးတင်ရောင်းတဲ့ကိစ္စ။ ဒီကနေ့ ထီတစ်စောင် ၅၀၀ ကျပ်အထိ ဈေးတင်ရောင်းတဲ့ကိစ္စ မထိန်းနိုင်ခဲ့ဘူး။ ဒါ့ကြောင့် ၅၀၀ ကျပ်တန်ထီက ကျပ် ၆၀၀ နဲ့အထက်ကို ပြောင်ပြောင်တင်းတင်း ရောင်းနေကြတာပဲ။ ထီဖွင့်ချိန်နီးရင် ကျပ် ၇၀၀ ထိဖြစ်တာ ဘယ်သူမှ မကိုင်တွယ်နိုင်ခဲ့ဘူး။ ဒီတော့ တွက်ကြည့်။ ထီတစ်စောင်အပေါ်မှာ ပြည်သူလူထုက ကျပ် ၁၀၀ နဲ့ ၂၀၀ ကြားမှာ အပိုပေးနေရတယ်။ ထုတ်တဲ့ထီစောင်ရေက သန်းပေါင်းများစွာ၊ ဒီတော့ ဘယ်သူတွေ ဘာဖြစ်ဖြစ် တိုင်းပြည်ဘဏ္ဍာ တိုးမြှင့်ရရေးပဲ ဦးစားပေးမှာလား။ ထီဆိုတာ လောင်းကစားတစ်မျိုးပါ။ လောင်းကစားငွေနဲ့ တိုင်းပြည်မတည်ဆောက်စေချင်ဘူး။ လောင်းကစားငွေဖြစ်လို့ ပြည်သူတွေကို အချိုးများများပေးလိုက်ပါ။ တိုင်းပြည်မှာ အခွန်ဘဏ္ဍာတိုးမြှင့်ရှာဖို့ နေရာဌာနတွေအများကြီးရှိပါတယ်။ (ဥပမာပြောရရင် နိုင်ငံပိုင်မြေတွေ၊ အဆောက်အအုံတွေကို အလကားပဲတင်းယူထားတာတွေ အခွန်ရှောင်လုပ်ငန်းရှင်ကြီးတွေ နိုင်ငံတော်ကို ပေးသွင်းဖို့ ကြွေးကျန်ရွှေတွေကို ဖော်ထုတ်ကြစမ်းပါ) ထီဆုငွေဟာ ပျောက်နေတဲ့ လူလတ်တန်းစားများများ မွေးထုတ်နိုင်ဖို့ပဲ ဖြစ်သင့်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူလတ်တန်းစားတွေများလာရင် အသိအမြင်အတွေးအခေါ်ပိုင်းရော၊ လူနေမှုအဆင့်အတန်းရော တစ်ဟုန်ထိုးမြင့်တက်လာနိုင်တယ်။ အသိအမြင်တိုးတက်လာတာ လူနေမှုအဆင့်တွေမြင့်လာတာဟာ လက်တစ်ဆုပ်စာသူဌေးဦးရေ တိုးလာတာထက်နိုင်ငံကို ပိုအကျိုးရှိစေမယ်ထင်ပါတယ်။ ဘယ်အလုပ်မျိုးကိုပဲလုပ်ပါစေ ရှုထောင့်စုံက ကြည့်သင့်တယ်။ လုပ်သင့်တယ်။ ရောင်းအားများဖို့ မက်လုံးများများပေးတာ နိုင်ငံဘဏ္ဍာရဖို့ ရှုထောင့်တစ်ခုတည်းကကြည့်တာ မဖြစ်သင့်ဘူးလို့ထင်တယ်။ 

ဒီတော့ အောင်ဘာလေထီကို ဈေးနှုန်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့လုပ်လာတာ။ ဘယ်အရာကိုမှ မကန့်ကွက်လိုပါဘူး။ ဒါပေမဲ့ လုပ်ငန်းတိုင်းမှာ အထူးသဖြင့် အခုလိုပွင့်လင်းမြင်သာတဲ့ခေတ်၊ တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ့်ခေတ်မှာ ချင့်ချင့်ချိန်ချိန်လုပ်ဖို့တော့ လိုလိမ့်မယ်။ ဒီတော့လုပ်ပါ။ ဘယ်သူတာဝန်ခံမှာလဲ။ ဘယ်သူတာဝန်ယူမှာလဲ။ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လုပ်မယ်ဆိုရင် ကြာသလားလို့။ အဲသလိုမဟုတ်ဘဲ အရင်လိုပဲ ရောင်းချင်သလိုရောင်း ဖြစ်ချင်သလိုဖြစ်လာရင်တော့ ပြည်သူ့ကိုယ်စား အောင်ဘာလေထီကို အကြီးအကျယ်ပြောမိပါလိမ့်မယ်။

ခင်မောင်ဌေး (ပညာရေး)