News

POST TYPE

NEWS

ဇွန် ၁၂ စင်ကာပူထိပ်သီးဆွေးနွေးပွဲ မူလအစီအစဉ်တိုင်း ကျင်းပဖြစ်မည်ဟု ဒေါ်နယ်ထရမ့်ပြောကြား


ဝါရှင်တန်၊ ဇွန် ၂ 

အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားအကြား သမိုင်းဝင်သည့် စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာလာမည့် ဇွန်လ ၁၂ ရက်နေ့တွင် မူလက စီစဉ်ထားသည့်အတိုင်း အမှန်တကယ်ကျင်းပပြုလုပ်ဖြစ်လိမ့်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း သံတမန်ကြီးတစ်ဦးကို အိမ်ဖြူတော်၌ တွေ့ဆုံပြီးနောက် ထုတ်ဖော်ပြောကြားလိုက်ကြောင်း DW သတင်းကဖော်ပြသည်။ 

အမေရိကန်ပြည်ထောင်စုသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသော မြောက်ကိုရီးယားထိပ်တန်းသံတမန် ဗိုလ်ချုပ်ကြီး ကင်ယောင်ချွာက ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းရေးသားပေးပို့လိုက်သော စာတစ်စောင်အား ဒေါ်နယ်ထရမ့်ကို ပေးအပ်လိုက်ပြီးနောက် ၎င်းက ယင်းသို့ ထုတ်ဖော်ကြေညာခြင်းဖြစ်သည်။ 

သို့သော် ကင်ဂျုံအန်းပေးပို့လိုက်သည့် စာနှင့်ပတ်သက်၍ သမ္မတထရမ့်သည် စကားနှစ်မျိုးပြောခဲ့သည်။ ပထမပိုင်းတွင် အဆိုပါစာသည် လွန်စွာစိတ်ဝင်စားစရာ ကောင်းသည်ဟုပြောပြီး နောက်ပိုင်းတွင် စာကိုဖွင့်မဖတ်ရသေးဟု ဆိုခဲ့သည်။ 

အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် အထူးသံတန် ဗိုလ်ချုပ်ကြီး ကင်ယောင်ချွာကို တွေ့ဆုံပြီးနောက် ဒေါ်နယ်ထရမ့်က ၎င်းအနေနှင့် ကျင်းပမလို၊ ပျက်ပြားမလို ဖြစ်ခဲ့သည့် စင်ကာပူထိပ်သီးဆွေးနွေးပွဲကို မတက်ရောက်ပါက မှားယွင်းမည်သာဖြစ်သည်ဟုဆိုပြီး ယင်းထိပ်သီးဆွေးနွေးပွဲသည် ကြီးကျယ်ခမ်းနားသော အစပျိုးမှုဖြစ်သည်ဟု ပြောကြားသည်။ 

“ကျွန်တော်တို့တွေအပေး၊ အယူ (သဘောတူညီမှု) တွေ လုပ်ကြမယ်။ အဆုံးသတ်မှာ အင်မတန်အပြုသဘောဆောင်တဲ့ ရလဒ်ထွက်ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဘာတွေကြုံတွေ့ရ မလဲဆိုတာကို ကြည့်ကြတာပေါ့” ဟု ထရမ့်က သတင်းထောက်များကို ပြောကြားသည်။ 

ထို့ပြင် ကင်ဂျုံအန်းအနေနှင့် နျူကလီးယားဖျက်သိမ်းလိုသည့် ဆန္ဒရှိနေပြီး ဇွန်လ ၁၂ ရက်နေ့မှစတင်ကာ အမေရိကန်နှင့် မြောက်ကိုရီးယားဆက်ဆံရေး စတင်မည်ဟူသောအချက်ကို ယုံကြည်ထားကြောင်း ၎င်းက ပြောဆိုသည်။ “ဒါဟာ အင်မတန်အောင်မြင်ဖြစ်ထွန်းတဲ့၊ အဆုံးစွန်မှာ အောင်မြင်ဖြစ်ထွန်းမှုကို ဖန်တီးပေးမယ့်ဖြစ်စဉ်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်” ဟု ထရမ့်က ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုတွင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူရန် အစီအစဉ်သစ်များစွာရှိနေကြောင်း၊ သို့သော် နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲ ဆက်လက်ကျင်းပနေသေးသရွေ့ ဒဏ်ခတ်အရေးယူမှု မပြုလုပ်သေးဘဲ နေသွားမည်ဖြစ်ကြောင်း ၎င်းက အသိပေးပြောကြားသည်။ 

“အဆမတန်ကြီးတဲ့ ဖိအားဆိုတဲ့ စကားလုံးကို ကျွန်တော်ထပ်ပြီးမသုံးချင်တော့ဘူး” ဟု မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုများနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်က ၎င်း၏သဘောထားကို ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော အထူးသံတမန် ကင်ယောင်ချွာသည် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ 

ပွန်ပီယိုက ဝါရှင်တန်နှင့် ပြုံယမ်းအကြား တွေ့ဆုံဆွေးနွေးမှုများ မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ရောက်ရှိနေပြီ ဖြစ်သည်ဟု ယုံကြည်စိတ်ချနေပြီဖြစ်ကြောင်း ပြောကြားသည်။

F-01