News

POST TYPE

NEWS

မုန်တိုင်းကြောင့် ပျက်စီးမှုများ
30-May-2018

ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ဝင်ရောက်ခဲ့သော မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် ဒေသအချို့တွင် နေအိမ်များ ပျက်စီးခြင်း၊ သစ်ပင်များကျိုးကျခြင်းစသော ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ မေလ ၃၀ ရက် ညနေပိုင်းအထိ ရရှိထားသော သတင်းအချက်အလက်များကို ဖော်ပြအပ်ပါသည်။


မုန်တိုင်း စတင်ဖြတ်သန်းရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် နေအိမ် ၈၇ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ ငပလီမြို့၌ နေအိမ် ၉ လုံး၊ တောင်ကုတ်မြို့နယ်တွင် နေအိမ် ၃၄ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ယာယီသစ်သား တံတားတစ်ခုနှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ မြေပုံမြို့နယ်တွင် နေအိမ် ၂၅ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ အမ်းမြို့နယ်၌ နေအိမ် ၂၁ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်တွင် နေအိမ် ၃ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ ရမ်းဗြဲမြို့နယ်၌ နေအိမ် ၃ လုံးနှင့် စာသင်ကျောင်း ၄ ကျောင်း၊ မာန်အောင်မြို့နယ်၌ နေအိမ် ၁၆ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းတို့ ပျက်စီးဆုံးရှုံးကြောင်း၊ စုစုပေါင်း မြို့ ၈ မြို့တွင် နေအိမ် ၁၉၈ လုံး၊ စာသင်ကျောင်း ၁၇ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်း ပျက်စီးသွားရာ စုစုပေါင်း ကျပ်သိန်း ၄၂၀ ကျော်ခန့်ဖြစ်ကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

ယင်းသို့ပျက်စီးမှုများတွင် တစ်စိတ်တစ်ပိုင်း ပျက်စီးမှုများပြားပြီး လုံးဝပျက်စီးမှုများလည်းရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် သံတွဲမြို့နယ်မှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းဦးက ရှင်းပြသည်။

မာန်အောင်မြို့နယ်၌ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် လေပြင်းတိုက်ခိုက်ခြင်းကြောင့် တဲအိမ်ပေါ်သို့ အုန်းပင်ကျိုးကျ ပိမိသဖြင့် အမျိုးသား အဘိုးဦးတစ်ဦး သေဆုံးကာ ဇနီးဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ည ၉ နာရီအချိန်တွင် စိန်ချစ်မောင်သည် လေပြင်းတိုက်ခတ်နေစဉ် အိမ်ခြံရှေ့လမ်းမပေါ် ဝါးပင် ၁ ပင် လဲကျသဖြင့် ဓားဖြင့်ခုတ်ရာ ဓာတ်လိုက်၍ ဇနီးဖြစ်သူနှင့်အတူ သေဆုံးခဲ့ကြောင်း ၎င်းထံမှ သိရသည်။

“လေတိုက်နေတဲ့အခါ သူ့အိမ်ခြံထဲက ဝါးပင်တစ်ပင် အိမ်ရှေ့လမ်းမပေါ်ကို လဲကျသွားလို့ သူက ဓားနဲ့ ခုတ်တဲ့အခါ လျှပ်စစ်ကြိုးကိုခုတ်မိလို့ ဓာတ်လိုက်တယ်၊ အဲဒီအခါ သူ့မိန်းမက သူ့ယောကျာ်းကို သွားဆွဲတာမှာ နှစ်ယောက်လုံးဓာတ်လိုက် သေသွားတယ်”ဟု ဦးရဲမင်းဦးကဆိုသည်။

ယင်းသေဆုံးသွားသူသုံးဦးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တစ်ဦးလျှင် သုံးသိန်းကျပ် ထောက်ပံ့ပေးသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးကိုလည်း တစ်ဦးလျှင် ၅ သောင်းကျပ် ထောက်ပံ့ပေးကြောင်း သိရသည်။

ပြည်

ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ပြည်မြို့နယ်တို့မှ နေအိမ်၂၀၀ ကျော် အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်ခြောက်လုံး ပြိုကျခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေစခန်းများနှင့် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

“အခုပျက်စီးတာတွေ စာရင်းကောက်နေပါတယ်။ အပျက်အစီးစာရင်းတန်ဖိုး ကောက်ယူနေတုန်းပဲ ရှိပါသေးတယ်”ဟု ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောဆိုသည်။

မေလ၂၉ ရက်နေ့ ညနှင့် ၃၀ ရက်နေ့ နံနက်အထိ ရွှေတောင်မြို့နယ်၊ ရပ်ကွက်နှစ်ခုတွင် အိမ်ခြေ ၂၂၃ လုံး၊ ဘုန်းကြီးကျောင်း ၄ ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ် ၄ လုံးပြိုကျခဲ့ကာ ပန်းတောင်းမြို့နယ်အတွင်း လူနေအိမ် ၁၈ လုံးအမိုးလန် ပျက်စီးပြီး နေအိမ် ၂ လုံးပြိုကျခဲ့ကြောင်း ယင်းစာရင်းများအရ သိရသည်။

“စာရင်းအတိအကျ မရနိုင်သေးဘူး။ စာရင်းက မငြိမ်သေးဘူး။ လောလောဆယ် အင်းမဘက်ဆင်းပြီး ထောက်ပံ့ရေးတွေ လုပ်နေပါတယ်။ ပေါင်းတည်ဘက် ဆက်သွားဖို့လည်းရှိတယ်”ဟု ပြည်ခရိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှဦးစီးမှူး ဦးသန်းထွန်းအောင်က ပြောဆိုသည်။

မကွေး

မကွေးနှင့် ရေနံချောင်းတို့တွင် မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုများကြောင့် အိမ် ၆၀၀ ကျော် ပျက်စီးပြီး မေလ ၂၉ ရက်နေ့က အောင်လံမြို့နယ်၌ လူတစ်ဦး သေဆုံးခဲ့ကြောင်း ယင်းတိုင်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။

မကွေးမြို့ပေါ်ရှိ ရပ်ကွက်ကြီး ၃ ခုတွင် သစ်ပင် ၂၀ ကျော်လဲကျခဲ့ပြီး ကျေးရွာ ၄၄ ရွာမှ နေအိမ် ၂၄ လုံးပြိုကျကာ နေအိမ် ၃၆၀ လုံးကျော် အမိုးလန် ပျက်စီးခဲ့ပြီး ရေနံချောင်းမြို့နယ်၌ နေအိမ် ၂၆၀ ခန့် အမိုးလန် ပျက်စီးခဲ့ကြောင်း၊ မင်းဘူးမြို့ ဈေးကြီးအတွင်း သစ်ပင်ပြိုလဲမှုကြောင့် ဈေးဆိုင်ခန်းများ ပျက်စီးခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

မေ ၂၉ ရက်နေ့ ညပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းများကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါ်များနှင့် ကျေးရွာများတွင် နေအိမ်များ ပျက်စီးပြီး သစ်ပင်များ ပြိုလဲကာ လူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

“ပျက်စီးဆုံးရှုံးမှု စာရင်းတွေက မငြိမ်သေးဘူး။ အမြန်ဆောင်ရွက်တဲ့အနေနဲ့ လူ/ကယ်/ပြန်နဲ့ပေါင်းပြီး ကယ်ဆယ်ရေးပစ္စည်းတွေ လိုက်ထောက်ပံ့နေပါပြီ။ တင်ပြလာတဲ့ စာရင်းတွေကို ကွင်းဆင်းစစ်ဆေးပြီး ဝေးတဲ့ရွာတွေကိုလည်း လိုက်ကြည့်နေပါတယ်”ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောကြားသည်။

တောင်ကြီး

ရခိုင်ပြည်နယ်ကို ဖြတ်သန်းလာသော ကုန်းတွင်းမုန်တိုင်း အရှိန်ကြောင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် မေလ ၂၉ ရက် ညပိုင်းကစတင်၍ မိုးသက် လေပြင်းများ တိုက်ခတ်ခဲ့ရာ မြို့ပေါ် ရပ်ကွက်များ၌ ဓာတ်တိုင်များ၊ သစ်ပင်များနှင့် ကြော်ငြာဘေဘုတ်များ ပြိုလဲခဲ့ကြောင်း ယင်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောကြားသည်။

“မိုးသက်လေပြင်းက မနေ့က ည ၁၀ နာရီလောက်ကနေ ဒီမနက် ၇ နာအထိ တိုက်ခတ်ခဲ့တာပါ။ မြို့ပေါ်နဲ့ ကျေးလက်တွေမှာ နေအိမ်တွေ အပါအဝင် အခြားအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှု မရှိသလို လူနဲ့ တိရစ္ဆာန်တွေလည်း ထိခိုက်သေဆုံးမှု မရှိပါဘူး”ဟု ၎င်းကဆိုသည်။

ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး လေပြင်းကြောင့် အိမ်ခြေ ၅၉၀ နီးပါး ပျက်စီးခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

တိုက်တာ ၃ မိနစ်လောက်ကြာတယ်။ ညနေကို လျှပ်စစ်မီးပြန်ပေးနိုင်အောင် သစ်ပင်တွေကို ရှင်းနေတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့သူတွေကို လူ/ကယ်/ပြန်က ထောက်ပံ့ကြေးတွေ ပေးနိုင်ဖို့ ရပ်ကွက်အလိုက် အဖွဲ့တွေဖွဲ့ပြီး စာရင်း အတိအကျ ကောက်နေတယ်”ဟု ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းကဆိုသည်။

အလားတူ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ ဆေးရုံလမ်းနှင့် မြို့လယ်လမ်း ထောင့်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းဘေး၊ နည်းပညာတက္ကသိုလ် GTU ကျောင်းရှေ့တို့တွင် သစ်ပင်များလဲကျခြင်း၊ ကြည့်မြင်တိုင်ဘူတာ၊ စမ်းချောင်း၊ အလုံ၊ သာကေတ၊ သင်္ဃန်းကျွန်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းတို့တွင် သစ်ပင်များ ကျိုးကျခြင်းနှင့် ပြိုလဲခြင်းများ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြူး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း 

ဖြူးမြို့ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် မေလ ၃၀ ရက် ညနေပိုင်း လေပြင်းကျရောက်မှုကြောင့် လမ်းဘေးဆိုင်းဘုတ်အချို့နှင့် ယာဉ်ရပ်နာစခန်း အမိုးအချို့ ပျက်စီးခဲ့သည်ဟု ဖြူအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။

“လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိဘူး။ ကားရပ်နားတဲ့နေရာမှာ မိုးထားတဲ့ အစိမ်း ဖတ်စတွေ လွင့်စဉ်ပျက်စီးခဲ့တာပါ”ဟု ဖြူးအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လေပြင်းကြောင့် ဆိုင်းဘုတ်အချို့ လဲကျပျက်စီးခဲ့ရုံမက စားသောက်ဆိုင်အချို့မှ ခေါင်မိုးသွပ်ပြားများ လွင့်စဉ်ပျက်စီးခဲ့သည့်အတွက် မီးလိုင်းဓာတ်အားကြိုးများပေါ် ပြုတ်ကျကာ လျှပ်စစ်ဝါယာရှော့ခ်များ ဖြစ်ပေါ်ခဲ့သည့်အတွက် မီးလိုင်းများ ပြတ်တောက်နေသည်ဟု ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းမှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက မေလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ပြောကြားသည်။ 

The Voice သတင်းအဖွဲ့