News

POST TYPE

NEWS

မုန်တိုင်းကြောင့် လေးဦးသေ၊ လူ ၄,၆၀၀ ကျော် လေဘေးသင့်
30-May-2018
မန္တလေး၊ မေ ၃၀

ရခိုင်ကမ်းရိုးတန်းကိုဖြတ်၍ မေလ ၂၉ ရက်နေ့က စတင်တိုက်ခတ်ခဲ့သည့် မုန်တိုင်းငယ်ကြောင့် လေးဦးသေဆုံးပြီး လူ ၄,၆၀၀ ကျော် လေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

မုန်တိုင်းကြောင့် သေဆုံးသူများအနက် လေးဦးမှာ ရခိုင်ပြည်နယ် မာန်အောင်မြို့မှ သုံးဦးနှင့် အောင်လံမြို့မှ တစ်ဦးဖြစ်ကြပြီး မွန်ပြည်နယ် ချောင်းဆုံတွင် ဒဏ်ရာရသူ တစ်ဦး၊ မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ များအတွက် ကျပ်သုံးသိန်း၊ ဒဏ်ရာ ရရှိသူများအတွက် ကျပ်ငါးသောင်း ထောက်ပံ့ပေးလျက်ရှိကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဆိုသည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် တိုင်း နှင့်ပြည်နယ်အချို့၌ သာသနိက အဆောက်အအုံ အပါအဝင် အိမ်ခြေ ၁,၃၉၇ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကနဦး သတင်းရရှိထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ အချက်အလက်တွေ ကောက်နေတုန်းပဲ။ အပျက်အစီး ကြီးကြီးမာမားတော့ ခုထိဝင်မလာသေးဘူး”ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ပြောကြားသည်။

အားကောင်းသော မုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ ရန်ဗြဲ၊ မာန်အောင်၊ အမ်းမြို့နယ်တို့မှ အိမ်ခြေ ၄၃ လုံး၊ မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ချောင်းဆုံမြို့နယ်တို့မှ သာသနိက အဆောက်အအုံများ အပါအဝင် အိမ်ခြေ ၁၁ လုံး၊ မန္တလေးတိုင်း နွားထိုးကြီး၊ မြင်းခြံ၊ ပျော်ဘွယ်မြို့နယ်တို့မှ အိမ်ခြေ သုံးလုံး၊ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့ မြို့နယ်တို့မှ အိမ်ခြေ ၁၈ လုံး၊ နေပြည်တော် ကောင်စီနယ်မြေရှိ တပ်ကုန်း၊ ဥတ္တရသီရိမြို့နယ်တို့မှ သာသနိက အဆောက်အအုံ အပါအဝင် အိမ်ခြေ နှစ်လုံး၊ ပဲခူးတိုင်း ပေါင်းတည်၊ ပတောင်း၊ ဇီးကုန်း၊ ပြည်၊ အုတ်ဖို၊ သဲကုန်း၊ မင်းလှမြို့နယ်တို့မှ အိမ်ခြေ ၇၇ လုံး၊ မကွေးတိုင်းရှိ မကွေး၊ ပွင့်ဖြူ၊ စလင်းမြို့နယ်တို့မှ အိမ်ခြေ ၃၀၀ ခန့်နှင့် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်ခုနစ်ခုတွင် လေဆင်နှာမောင်းကြောင့် အိမ်ခြေ ၆၀၀ ကျော် ထိခိုက်ခဲ့ရကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ကနဦး စာရင်းများအရ သိရသည်။

“လက်ရှိမှာ ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုးပေးတယ်။ အိမ်ဆောက်ပစ္စည်းတွေကိုလည်း သတ်မှတ်နှုန်းထားအတိုင်း ပေးနေတယ်။ ဆန်ရိက္ခာ ခုနစ်ရက်စာ ပေးနေတယ်”ဟု ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ထပ်မံပြောဆိုသည်။

လက်ရှိတွင် မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသည့် လူဦးရေစာရင်းများ ကောက်ယူလျက်ရှိပြီး နေအိမ်ထိခိုက်မှုများအနက် တစ်စိတ်တစ်ပိုင်း ပျက်စီးမှုများအတွက် ကျပ်တစ်သောင်းမှ တစ်သိန်းထိလည်းကောင်း၊ အလုံးစုံ ပျက်စီးမှုများအတွက် ကျပ်တစ်သိန်းမှ ကျပ်နှစ်သိန်းအထိ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ ထပ်မံ သိရသည်။

လက်ရှိအချိန်တွင် လေဘေးသင့်ခဲ့သူများအတွက် ကျပ် ၂၄,၆၈၇,၄၀၀ ထောက်ပံ့ပေးပြီးဖြစ်ကြောင်းလည်း ယင်းဌာနထံမှ သိရသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သော အားကောင်းသည့်မုန်တိုင်းငယ် (Deep Depression) သည် ရခိုင်ကမ်းရိုးတန်း အမ်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် တည်ရှိနေရာမှ အားလျော့သွားပြီဖြစ်ကြောင်း မိုးလေးဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

M-05