News

POST TYPE

NEWS

လေပြင်းတိုက်မှုကြောင့် လှိုင်သာယာရှိ အောင်မြေသာယာစေတီ ထီးတော်မြေခ
30-May-2018
ရန်ကုန်၊ မေ ၂၉

လှိုင်သာယာမြို့နယ်၏ မြို့ဦးစေတီဖြစ်သည့် အောင်မြေသာယာစေတီမှာ မေလ ၂၉ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်မြေခခဲ့ကြောင်း လှိုင်သာယာမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

အောင်မြေသာယာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်မှာ မြေစိုက်အထိ ဉာဏ်တော် ၅၄ ပေရှိရာမှ အရှည် ၉ ပေ၊ အချင်း ၃ ပေခွဲရှိသော ထီးတော်မှာ အထက်ပစ္စယာနှင့် ရင်ပြင်ပေါ်သို့ မြေခခဲ့ရာ ထီးတော်၏အထက်ပိုင်း အချင်း ၄ လက်မခန့်ရှိ စိန်ဖူးတော်မှာလည်း မြေခပျက်စီးသွားခဲ့ကြောင်း လှိုင်သာယာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောကြားသည်။

“အခုလက်ရှိ သံဃနာယကဥက္ကဋ္ဌ ဆရာတော်တွေရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရယ် စာရင်းဇယားတွေနဲ့ ပြန်သိမ်းဆည်းထားပါတယ်။ စေတီပြုပြင်မွမ်းမံမှုနဲ့ ထီးတော်ပြန်တင်ဖို့တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ ဆရာတော်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်သွားပါမယ်”ဟု ၎င်းက ဆိုသည်။

မြို့ဦးစေတီဖြစ်သည့် အောင်မြေသာယာစေတီတော်မြတ်ကြီး၊ ထီးတော်မြေခသည့်အချိန်တွင် စေတီတော်ဂေါပက အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေခသည့် ထီးတော်နှင့်ပါဝင်သည့် ပစ္စည်းများကို သိမ်းဆည်းရန် ခေတ္တခဏအနေနှင့် စေတီရင်ပြင်ပေါ် ဘုရားဖူးပြည်သူများဖြတ်သန်းခွင့်ကို ခေတ္တပိတ်ထားခဲ့ပြီး ယခုလက်ရှိတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း လှိုင်သာယာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

အဆိုပါ အောင်မြေသာယာ စေတီတော်မြတ်ကြီးကို မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းမြင့် လက်ထက် ၁၉၉၀ ခုနှစ်၊ မေလ ၆ ရက်တွင် ပန္နက်တင် မင်္ဂလာအခမ်းအနားပြုလုပ်ကာ ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားပြုလုပ်၍ မြို့နယ်အတွင်း တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။

J-10


  • VIA