News

POST TYPE

NEWS

ဂျာမန်စကားမပြောသော နိုင်ငံခြားသားများ၊ ဒုက္ခသည်များကို လူမှုထောက်ပံ့ကြေး ဖြတ်တောက်ရန် ဩစတြီးယားစီစဉ်
30-May-2018


ဗီယင်နာ၊ မေ ၂၉

ဩစတြီးယား လက်ယာယိမ်းညွှန့်ပေါင်းအစိုးရသည် ဂျာမန်စကား မပြောသောဒုက္ခသည်များနှင့် နိုင်ငံခြားသားများအတွက် လူမှုဖူလုံရေးထောက်ပံ့ကြေးများ ဖြတ်တောက်မည့် အစီအစဉ်များကို ချပြလိုက်ရာဥရောပသမဂ္ဂထံမှ ဥပဒေပိုင်း စိန်ခေါ်မှုများထွက်ပေါ်လာနိုင်ခြေရှိသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

တနင်္လာနေ့က ဗီယင်နာတွင် အဓိပတိကကြေညာခဲ့သော အစီအစဉ်သည် နိုင်ငံခြားသားအားလုံးအား အဓိကလူမှုဖူလုံရေးထောက်ပံ့ကြေးရယူခွင့်ကို ငါးနှစ်ပိတ်ပင်မည်ဖြစ်သည်။

“မိတ်ဆက်ကျင့်သုံးမယ့် အခြေခံစည်းကမ်းကတော့ ထောက်ပံ့ကြေးအပြည့်အဝရရှိဖို့အတွက် ဂျာမန်စကားက အဓိက ဖြစ်လာမယ့်အချက်ပါ။ လုံလောက်တဲ့ ဘာသာစကားကျွမ်းကျင်မှု မရှိရင်တော့ ထောက်ပံ့ကြေးအပြည့်မရနိုင်ပါဘူး” ဟု အဓိပတိဆီဘက်ရှန်ကားလ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အနိမ့်ဆုံးလူမှုထောက်ပံ့ကြေးရယူ နေသူအများစုမှာ ဗီယင်နာတွင်ရှိကြပြီး အကြမ်းဖျင်းအားဖြင့် ၎င်းတို့၏ ထက်ဝက်ခန့်မှာ နိုင်ငံခြားသားများဖြစ်ကြသည်ဟု ၎င်းကဆိုသည်။

ဩစတြီးယားတွင် လက်ယာစွန်းများနှင့် ညွှန့်ပေါင်းဖွဲ့ကာ မနှစ်ကအာဏာရရှိလာခဲ့သော ကားလ်၏အစိုးရသည် ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍ တင်းမာသောသဘောထားရှိပြီး ယခုကဲ့သို့ ထောက်ပံ့ကြေး ဖြတ်တောက်ခြင်းသည် ဩစတြီးယားသို့လာရန် စဉ်းစားနေသူများကို ဟန့်တားခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။

ယခုအစီအစဉ်အရ လူတစ်ဦးအတွက် ထောက်ပံ့ကြေးကို တစ်လလျှင် ၅၆၃ ယူရိုသို့ လျှော့ချမည်ဖြစ်ပြီးဂျာမန် စကားစစ်ဆေးမှု အောင်မြင်သွားသူကို ဩစတြီးယန်းလူမျိုးတို့ ရရှိသောနှုန်းဖြစ်သည့် ၈၆၃ ယူရိုသို့ တိုးမြှင့်ပေးမည်ဖြစ်သည်။ ကလေးထောက်ပံ့ကြေးများကိုလည်း အလားတူလျှော့ချမည်ဖြစ်သည်။

အီးယူ၏ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့် စည်းကမ်းအရ ဩစတြီးယားသည် အီးယူနိုင်ငံသားများကို ဩစတြီးယားနိုင်ငံသားများနှင့် တန်းတူအခွင့်အရေးပေးရမည်ဖြစ်သည်။

သို့ရာတွင် ဆီဘက်ရှန်ကားလ်က “လွတ်လပ်စွာအခြေချနေထိုင်ခွင့် ဆိုတာက ဥရောပမှာ လွတ်လပ်စွာအလုပ်လုပ်ကိုင်နိုင်ဖို့ဖြစ်ပါတယ်။ လွတ်လပ်စွာ အခြေချနေထိုင်ခွင့်ဆိုတာ အကောင်းဆုံးလူမှုဖူလုံရေးထောက်ပံ့မှုစနစ်ကို ရွေးချယ်ဖို့ လွတ်လပ်ခွင့်မဟုတ်ပါဘူး” ဟု ပြောကြားသွားသည်။

အစီအစဉ်သစ်များသည် ဥပဒေအရ တရားဝင်သလားဟုမေးမြန်းသောအခါ အဓိပတိကားလ်က “ကျွန်တော်တို့က အခြေခံဥပဒေခုံရုံး မဟုတ်ပါဘူး။ ဒီအစီအစဉ်ကို အဆုံးအဖြတ်ခံယူရမှာပါ” ဟု ပြောကြားသည်။ လူမှုထောက်ပံ့ကြေး လျှောက်ထားသူသည် ပြီးခဲ့သောခြောက်နှစ်အတွင်း ဩစတြီးယားတွင် ငါးနှစ်နေထိုင်ခဲ့သူ ဖြစ်ရမည်ဟု ဖော်ပြထားသော ပြင်ဆင်ချက်ကို ခုံရုံးက မတ်လအတွင်းက ပယ်ချခဲ့သည်။

F-04