News

POST TYPE

NEWS

Multi- level Marketing ကုမ္ပဏီ မြန်မာ့မီးရထားတွင် အလုပ်အကိုင် အခွင့်အလမ်း ဆွေးနွေး
29-May-2018
ရန်ကုန်၊ မေ ၂၉ 

လူသုံးကုန်ပစ္စည်းများကို ဆင့်ပွား ဈေးကွက်ရှာ ရောင်းချလျက်ရှိသော Success More ကုမ္ပဏီသည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) သတင်းပြန်ကြားရေးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

မေလ ၂၅ ရက်က သိမ်ဖြူလမ်းရှိ မြန်မာ့မီးရထား (အောက်မြန်မာပြည်)ရုံး အစည်းအဝေးခန်းမတွင် Success More ကုမ္ပဏီ၏ ထုတ်ကုန်များအကြောင်း၊ ကျန်းမာရေး၊ စီးပွားရေးများအကြောင်းနှင့် ဝန်ထမ်းများ အလုပ်အကိုင်အခွင့် အလမ်း ရရှိနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ဆရာတို့ ဝန်ထမ်းတွေကို အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ ရည်ရွယ်ပြီး ရှင်းလင်းပွဲလေး လုပ်ချင်ပါတယ်လို့ ကမ်းလှမ်းလာလို့ နားထောင်ပေးလိုက်တာပဲ ရှိပါတယ်။ ကုမ္ပဏီက ထုတ်ကုန်တွေကို ဝယ်လည်းမဝယ်ပါဘူး။ ကုမ္ပဏီ Member အဖြစ်လည်း လုပ်ကိုင်တာမျိုး မရှိဘူး”ဟု သတင်းပြန်ကြားရေးဌာန အကြီးတန်းတာဝန်ရှိသူက ဆိုသည်။

ကုမ္ပဏီဘက်က ဝန်ထမ်းများ၏ အလုပ်အကိုင် အခွင့်အလမ်းအတွက် ရှင်းလင်းပြောကြားမည်ဟုဆိုခြင်းကြောင့် မည်သည့်နည်းပညာများ ရရှိနိုင်မည်၊ အခြေခံဝန်ထမ်းများအတွက် မည်သည့် ကောင်းကျိုးရှိမည်ကို သိလို၍သာ လက်ခံနားထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အဆိုပါကုမ္ပဏီမှာ ဝေဖန်မှုများရှိနေသည်ကို ကြားသိနေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာ့မီးရထားက တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းပွဲနှင့်ပတ်သက်၍ ယင်းပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် မည့်သို့ လုပ်ဆောင်ပေးမည်ကို Success More ကုမ္ပဏီထံ ဆက်သွယ်မေးမြန်းရာတွင် “ဒီကိစ္စကို သိချင်တာပါလား။ အခု ကျွန်မ အလုပ်ရှုပ်နေပါသဖြင့် နောက်မှ ပြန်လည် ဆက်သွယ်ပါမယ်”ဟု Success More  ကုမ္ပဏီကြီးကြပ်ရေးမှူး ဒေါ်အိဖြူကဆိုသည်။

Success More Myanmar ကုမ္ပဏီသည် အလှကုန်ထုတ်ပစ္စည်းမျိုးစုံ၊ ကျန်းမာရေးအတွက် ဆေးဝါးထုတ်ကုန်ပစ္စည်း၊ ဆေးဆပ်ပြာထုတ်ကုန်ပစ္စည်း၊ ထိုင်းနိုင်ငံထုတ် မြန်မာစာအညွှန်းပါ Transform Organic မြေဩဇာထုတ်ကုန်ပစ္စည်းများကို Multi-level Marketing လုပ်ငန်းအဖြစ် လည်ပတ်လုပ်ကိုင်နေခြင်း ဖြစ်သည်။

Success More ကုမ္ပဏီကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၁၃ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကုမ္ပဏီမှတ်ပုံတင် အမှတ် ၁၉၂၄/  ၂၀၁၅-၂၀၁၆(ရက) နှင့် နိုင်ငံတော်တွင် တရားဝင် မှတ်ပုံတင်၍ လုပ်ငန်းစတင်ခဲ့ကာ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့တွင်လည်း ရုံးခွဲ ၃၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ 

Success More လုပ်ငန်းသည် ဆင့်ပွား ဈေးကွက်စနစ် ဖြစ်သောကြောင့် အသင်းဝင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေသူ ဦးရေကို အတိအကျ သိရန်ခက်ခဲပြီး အနည်းဆုံး အသင်းဝင်ဦးရေ တစ်သောင်းကျော်နှင့်အထက် ရှိနိုင်ကြောင်း ယင်းလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ဖူးသူများထံမှ သိရသည်။

ယင်းလုပ်ငန်းမှ ထိရောက်သော အကျိုးအမြတ် ရရှိရန် စနစ်တကျဖြင့် အချိန်ပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆင့်ပွားဈေးကွက်စနစ်တွင် ဦးဆောင်လုပ်ကိုင်သူများက ဆိုသည်။ 

J-14, J-06