News

POST TYPE

NEWS

မက်ထရစ်တန်ချိန်ကို တစ်နိုင်ငံလုံးတစ်ပြေးညီ ဆန်ချိန်တွယ်မှုစံအဖြစ် သတ်မှတ်မည်
29-May-2018 tagged as ဆန် စပါး


ရန်ကုန်၊ မေ ၂၉

မြန်မာ့ဆန်စပါး စံချိန်စံညွှန်း၊ အလေးချိန်၊ အချိန်အတွယ်များကို ခေတ်ကာလနှင့် လျော်ညီစေရန်အတွက် ဆန်ချိန်တွယ်မှုများ ပြုလုပ်ရာတွင် မက်ထရစ်တန်ချိန်ကို တစ်နိုင်ငံလုံး၏ စံသတ်မှတ်ချက်အဖြစ် တစ်ပြေးညီ သတ်မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် ကမ္ဘာ့ဘဏ်အစုအဖွဲ့တစ်ခုဖြစ်သည့် International Finance Corporation (IFC)တို့သည် ဆန်စပါး အလေးချိန်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြုပြင်ပြောင်းလဲဆောင်ရွက်ရေးကိစ္စများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ နားလည်မှု စာချွန်လွှာအရ လက်ရှိ စက်ရုံထွက်ဆန်များ၏ အဆင့်အတန်းနှင့် ဆန်လုံးအဆင့် သတ်မှတ်ခြင်း၊ ဆန်စပါး စံချိန်စံညွှန်းများ ပြန်လည် ရေးဆွဲခြင်းစနစ်အပြင် ရေးဆွဲပြီးသည့် အဆင့်အတန်းများနှင့် စနစ်များကို ဆန်စက်များနှင့် ထုတ်ကုန်တင်ပို့သူများ လိုက်နာဆောင်ရွက်စေရန် ပညာပေးခြင်းတို့ကို IFC က ပညာရှင်များနှင့် မြန်မာနိုင်ငံမှ ပညာရှင်များ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

“ဆန်စပါး စံချိန်စံညွှန်းနဲ့ ပတ်သက်လို့ ဆန်ဝယ်ယူတဲ့ နိုင်ငံတွေကြားမှာ အခက်အခဲတွေ ဖြစ်နေတယ်။ အစိုးရက ၄၆ ပေါင် သတ်မှတ်ပေမယ့် ပေါင် ၅၀၊ ၅၂ ပေါင် ဒေသအလိုက် အမျိုးမျိုးလုပ်နေကြတဲ့အတွက် နိုင်ငံတကာ ဈေးကွက်ကိုလိုက်ပြီး မက်ထရစ်တန်စနစ်နဲ့ ရောင်းဝယ်နိုင်ဖို့ သတ်မှတ်မယ်။ လုပ်နိုင်တဲ့အဆင့်ကို သတ်မှတ်မှာ။ ဒါမှ နိုင်ငံတကာကို ရောင်းဝယ်ရတာ အဆင်ပြေမှာ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

ဆန်စပါးစံချိန်စံညွှန်းများကို IFC နှင့်ပူးပေါင်း၍ အသစ်ပြန်လည် ရေးဆွဲပြီးပါက ပြည်ထောင်စု အစိုးရထံတင်ပြ၍ ပြည်ထောင်စုအစိုးရ သဘောတူပါက ဥပဒေပြဋ္ဌာန်း အတည်ပြုမည်ဖြစ်ပြီး အသစ်ပြန်လည် ရေးဆွဲမည့် အချိန်ကာလကို ကြိုတင်ခန့်မှန်း၍မရသေးကြောင်း ၎င်းက ပြောဆိုသည်။

“ပြည်ပမှာ ဆန်ရဲ့ အရွယ်အစားပေါ် မူတည်ပြီး ရောင်းကြတယ်။ မြန်မာနိုင်ငံက တင်ပို့တဲ့အခါကျ ပေါ်ဆန်းဆိုပေါ်ဆန်း၊ ငစိန်ဆိုငစိန် အမျိုးအစားနဲ့ ရောင်းကြတဲ့အတွက် နိုင်ငံတကာနဲ့ ကွာဟနေတာပေါ့။ ပြည်တွင်းမှာ တင်း၊ တောင်းစနစ်တွေ သုံးနေကြတယ်။ ၁၆ ပြည်တစ်တင်း၊ ၁၈ ပြည် တစ်တင်း အမျိုးမျိုး သုံးနေကြတဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တင်းကို ဖျောက်ပြီး တန်ကိုပဲ သတ်မှတ်လိုက်ရင်တော့ ပိုကောင်းသွားမှာပါ”ဟု ဆန်စက်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမြင့်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ ဆန်စပါးဆိုင်ရာ စံချိန်စံညွှန်းများသည် လွန်ခဲ့သည့် ၁၉၉၂ ခုနှစ်က ပြဋ္ဌာန်းထားခဲ့သောကြောင့် အလေးချိန်၊ အချိန်အတွယ်များကို တိတိကျကျ သတ်မှတ်မှုမရှိဘဲ ချိန်တွယ်လျက်ရှိပြီး ပြည်ပသို့ တင်ပို့ရောင်းချသည့်အခါ အလေးချိန် ကွာဟမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

J-11