News

POST TYPE

NEWS

အိုင်ယာလန်တွင် အသံတိတ်တော်လှန်ရေးဖြင့် အသွင်ကူးပြောင်းနေ၊ ကိုယ်ဝန်ဖျက်ချမှု ပိတ်ပင်ခြင်းကို အဆုံးသတ်
29-May-2018



ဒဗ္ဗလင်၊ မေ ၂၈

ဥရောပ၏ လူမှုရှေးရိုးစွဲ အိုင်ယာလန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်ခြင်းကို အဆုံးသတ်ရန်အတွက် ဆန္ဒခံယူပွဲတွင် သောင်ပြိုကမ်းပြို မဲပေး၍ ဆုံးဖြတ်လိုက်ကြပြီးနောက် အိုင်ယာလန်ဝန်ကြီးချုပ်က အောင်မြင်သော အသံတိတ်အသွင်ပြောင်း တော်လှန်ရေးအဖြစ် ဂုဏ်ပြုပြောဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အယူသီး ကက်သလစ်တိုင်းပြည်မှ မဲဆန္ဒရှင်များသည် ဆန္ဒခံယူပွဲ မတိုင်မီ သဘောထားစစ်တမ်းများက မှန်းဆထားသောနှုန်းထက် များစွာပိုမြင့်သော နှစ်မဲတစ်မဲနှုန်းဖြင့် ဥပဒေပြောင်းလဲရေးကို ထောက်ခံခဲ့ကြရာ အစိုးရအနေနှင့် နှစ်မကုန်မီ ဥပဒေသစ်ကို ထုတ်ပြန်နိုင်ခွင့်ရသွားပြီဖြစ်သည်။

ပြောင်းလဲရေးကို ထောက်ခံသော Yes အုပ်စုမှ သားဖွားမီးယပ်ဆရာဝန် မေရီဟစ်ဂင်က “အမျိုးသမီးတွေကို စောင့်ရှောက်ပေးဖို့ ကြိုးစားခဲ့ရတဲ့ကာလတွေ၊ စောင့်ရှောက်မပေးနိုင်တဲ့ကာလတွေ အားလုံးအတွက်တော့ မယုံကြည်နိုင်လောက်အောင်ပါပဲ” ဟု ပြောကြားသည်။

နှစ်စဉ် အိုင်ယာလန်မှ အမျိုးသမီး ၃၀၀၀ ခန့်သည် ကိုယ်ဝန်ဖျက်ချရန်အတွက် ဗြိတိန်သို့ သွားခဲ့ကြရသည်။ ကိုယ်ဝန်ဖျက်ချခြင်းသည် အိုင်ယာလန်တွင် အမှန်တရားတစ်ခုဖြစ်သည်ဟု Yes အုပ်စု ဆော်ဩသူများက ဆိုသည်။

ဥပဒေပြောင်းလဲရေး ထောက်ခံသူဝန်ကြီးချုပ် လီယိုဗာရက်ကာက မျိုးဆက်တစ်ခုအတွက် တစ်ကြိမ်သာ ကြုံရမည့် အခွင့်အရေးအတွက် အားလုံးထွက်၍ မဲပေးကြရန် လှုံ့ဆော်ခဲ့သည်။ လာရောက် မဲပေးမှုနှုန်း ၆၄ ရာခိုင်နှုန်းသည် ဆန္ဒခံယူပွဲများအနက် အမြင့်ဆုံးဖြစ်သည်။

အိုင်ယာလန်၏ ပထမဆုံး ဂေးဝန်ကြီးချုပ် လီယိုဗာရက်ကာက “ဒီနေ့က အိုင်ယာလန်ရဲ့ သမိုင်းဝင်နေ့ပါပဲ။ အသံတိတ် အသွင်ကူးပြောင်းမှုတော်လှန်ရေး ဖြစ်ပေါ်ခဲ့တာပေါ့” ဟု ပြောကြားသည်။

ပြောင်းလဲရေးသမားများက အံ့အားသင့်ဖွယ် ထောက်ခံမှုနှုန်းကို စနေနေ့က ခပ်စောစော ထုတ်ဖော်ကြေညာလိုက်သောအခါတွင် ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေးအုပ်စုများက အရှုံးကို လက်သင့်ခံလိုက်ကြရသည်။

ကိုယ်ဝန်ဆောင်သက်တမ်း ၁၂ ပတ် အထိ ကိုယ်ဝန်ဖျက်ချခွင့်ပြုမည့်အစိုးရ၏ အစီအစဉ်များကို နှောင့်ယှက်မည်မဟုတ်ကြောင်း  No အုပ်စုများက ပြောကြားသည်။

ကိုယ်ဝန်ဖျက်ချမှုဆန့်ကျင်သော Save the 8th အုပ်စုက “မနေ့က အိုင်းရစ်မဲဆန္ဒရှင်တွေဟာ သမိုင်းရဲ့ အချိုးညီမှုကို ကြေကွဲဖွယ်ဖြစ်အောင် လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ အများစု ထောက်ခံရုံနဲ့ အမှားက အမှန်ဖြစ်မလာပါဘူး” ဟု ပြောဆိုခဲ့သည်။

F-04