News

POST TYPE

NEWS

ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရေး အမေရိကန်နှင့် မြောက်ကိုရီးယားတို့ ပြင်ဆင်၊ အမေရိကန်ရှေ့ပြေးညှိနှိုင်းရေးအဖွဲ့ ပြုံယမ်းသို့ရောက်
29-May-2018



ဝါရှင်တန်၊ မေ ၂၈

ယခုအခါ ဇွန်လ ၁၂ ရက် စင်ကာပူ ထိပ်သီးဆွေးနွေးပွဲ (ထရမ့်-ကင်ဂျုံအန်း ဆွေးနွေးပွဲ)ဖြစ်မြောက်ရေးအတွက် အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယား နိုင်ငံသို့ရောက်ရှိနေပြီး ပြုံယမ်းကွန်မြူနစ်အစိုးရ၏ အရာရှိကြီးများနှင့် တိုင်ပင်ညှိနှိုင်းလျက်ရှိသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ မြောက်ကိုရီးယားနိုင်ငံကလည်း သံတမန်နည်းလမ်းအရ ဆွေးနွေးပွဲများပြန်လည်ပြုလုပ်လိုသည့် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စင်ကာပူ ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ ကတောက်ကဆဖြစ်ခဲ့ကြသော်လည်း တနင်္လာနေ့ အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စုရော၊ မြောက်ကိုရီးယားကပါ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများကို ထုတ်ဖော်ပြသလာကြသည်။ 

သမ္မတဒေါ်နယ်ထရမ့်ကမူအမေရိ ကန်ကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားသို့ရောက်ရှိနေပြီး ပြုံယမ်းအစိုးရ ၏ အဆင့်မြင့်အရာရှိကြီးများနှင့်တွေ့ဆုံကာ ဇွန်လ ၁၂ ရက်နေ့၊ စင်ကာပူထိပ်သီး ဆွေးနွေးပွဲကိစ္စ တိုင်ပင်ဆွေးနွေးလျက်ရှိသည်ဟုဆိုသည်။ 

အမေရိကန်အစိုးရနှင့် မြောက်ကိုရီးယားအစိုးရအကြား ပြီးခဲ့သည့် သောကြာ နေ့မတိုင်မီအထိ သီတင်းတစ်ပတ်ကြာမျှ အပြန်အလှန် သံသယဖြစ်ခဲ့ကြသည်။ သို့သော် စနေနေ့တွင် စင်ကာပူထိပ်သီး ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ နယ်စပ်ဒေသ၊ စစ်မဖြစ်ရေးဇုန်ရှိ ပန်မူဂျွန် မြို့ငယ်လေးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဆက်ဆံရေးများပြန်လည်ကောင်းမွန်လာသလို ထိပ်သီးဆွေးနွေးပွဲအတွက် မျှော်လင့်ချက်များလည်း ပြန်လည်မြင့်တက်လာခဲ့သည်။

သံတမန်အသိုင်းအဝိုင်းများနှင့် အစိုးရ သတင်းရင်းမြစ်များအဆိုအရ ယခုအခါ စင်ကာပူထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်စေရေးအတွက် နှစ်ဖက်စလုံး (အမေရိကန်ရော၊ မြောက်ကိုရီးယားပါ) က အလေးအနက်ထား အကောင်အထည်ဖော်လျက်ရှိသည်။ 

နယ်စပ်ဒေသတွင် ကင်ဂျုံအန်းနှင့် အမှတ်မထင်တွေ့ဆုံဆွေးနွေးပြီးနောက် တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းက ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာတွင် ကင်ဂျုံအန်းသည် အမေရိကန်နှင့်မြောက်ကိုရီးယားအကြား သမိုင်းတစ်လျှောက် ဖြစ်ခဲ့သော ထိပ်တိုက်တွေ့မှုကို ထိပ်သီးဆွေးနွေးပွဲကျင်းပခြင်းဖြင့် အဆုံးသတ်နိုင်မည်ဟု မျှော်လင့်လျက်ရှိကြောင်း၊ ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားကင်းစင်ရေးအတွက်လည်း ဆုံးဖြတ်ထားပြီဖြစ်ကြောင်း ဖော်ပြသည်။

ကင်ဂျုံအန်းကိုယ်တိုင်ကလည်း မွန်ဂျေအင်းနှင့် တွေ့ဆုံပြီးနောက် စင်ကာပူ ထိပ်သီးဆွေးနွေးပွဲကျင်းပရန် ဆက်လက်လုပ်ဆောင်သင့်သည်ဟု ၎င်း၏ ပြောင်းလဲသွားသော ဆန္ဒသဘောထားကိုထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းသဘောဆန္ဒနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်က “မြောက်ကိုရီးယားဟာ အရမ်းကောင်းတဲ့ အလားအလာတွေဖြစ်လာအောင် လုပ်ခဲ့ပါပြီ” ဟု Twitter တွင် ဖော်ပြသည်။ 

F-01