News

POST TYPE

NEWS

ပြင်သစ်တွင် ပြည်သူ့ဝန်ဆောင်မှုများ ပြုပြင်ပြောင်းလဲပေးရန် လက်ဝဲစွန်းပါတီဦးဆောင်ကာ ဆန္ဒပြ
28-May-2018



ပဲရစ်၊ မေ ၂၇

ပြင်သစ်နိုင်ငံတွင် သမ္မတအီမန်နျူ ယယ်မက်ခရွန်၏ အများပြည်သူနှင့်ဆိုင်သော အခန်းကဏ္ဍများ ပြုပြင်ပြောင်းလဲမှုကို မကျေနပ်သည့် ချီတက်ဆန္ဒပြမှုကြီးကို ပြင်သစ်၏ ပင်မလက်ဝဲစွန်းပါတီနှင့် အခြားအဖွဲ့အစည်း ၈၀ ခန့်ပူးပေါင်းပြုလုပ်ခဲ့ရာ လူထောင်နှင့်ချီ၍ ပါဝင်ခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဆန္ဒပြပွဲကို ဖြစ်မြောက်အောင် စည်းရုံးခဲ့သူများက ယင်းဆန္ဒပြမှုကြောင့် သမ္မတမက်ခရွန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ဆန့်ကျင်မှုများကြီး ထွားလာစေမည်ဟု မျှော်လင့်လျက်ရှိသည်။ ပြင်သစ်တွင် နိုင်ငံပိုင်မီးရထားလုပ်ငန်း SNCF ကဲ့သို့သော လုပ်ငန်းကြီးများမှာ ကြွေးမြီများနှင့် ရင်ဆိုင်နေရသောကြောင့် အများပြည်သူနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများကို ပြုပြင်ပြောင်းလဲရန် ၎င်းတို့က သမ္မတမက်ခရွန်ကို တောင်းဆိုလျက်ရှိသည်။

မက်ခရွန်၏ လက်ရှိ ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူအများစု၏ လူမှုဘဝအပေါ် အကျိုးသက်ရောက်မှုမရှိဟု ၎င်းတို့က ဆိုကြသည်။ 

ချီတက်ဆန္ဒပြပွဲကို မြို့တော်ပဲရစ်တွင် စနေနေ့က ပြုလုပ်ခဲ့ရာ လူပေါင်း ၈၀၀၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုပါက အဆိုပါ ဆန္ဒပြပွဲသို့ လူ နှစ်သိန်းခွဲခန့်တက်ရောက်ခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့ကပဲရစ်မြို့ ဆန္ဒပြပွဲတွင် လူပေါင်း ၂၁၀၀၀၀ ခန့်သာ တက်ရောက်သည်ဟုဆိုသည်။ 

“ကျွန်တော်တို့ ပြောချင်တဲ့စကားကို ခေါင်းမာလွန်းတဲ့ အီမန်နျူယယ်မက်ခရွန်ကြား သိအောင်ပြောမယ်”ဟု လက်ဝဲ အစွန်းရောက် FU ပါတီခေါင်းဆောင် ဂျန်းလက်မယ်လက်ချွန်က ပြောကြားသည်။ ထို့ပြင်၎င်းက လက်ရှိ ပြင်သစ်နိုင်ငံရှိ ဆေးရုံများ၌ ကျန်းမာရေးအမှုထမ်းများလျော့နည်းလာခြင်း၊ တက္ကသိုလ်ဝင်ခွင့်များ ကန့်သတ်မှုမြင့်တက်လာခြင်း၊ မငြိမ်မသက်မှုများရှိသည့် ရပ်ကွက်များတွင် ရဲတပ်ဖွဲ့များ အလုံအလောက်မရှိခြင်း စသည်တို့ကို ထောက်ပြသည်။ 

“အစိုးရက ပြောတယ်၊ ဒါတွေဖြစ်နေရတာဟာ သူ့မှာ ရန်ပုံငွေမရှိလို့တဲ့” ဟု ၎င်းက ပြောကြားသည်။ 

“ခင်ဗျားတို့ကိုမယုံဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ကလိမ်ညာနေတာကိုး၊ ဟု ၎င်းကဆိုပြီး သမ္မတမက်ခရွန် ဦးဆောင်သောအစိုးရသည် ချမ်းသာကြွယ်ဝသူများအတွက် ယူရို ၄ ဒသမ ၅ ဘီလီယံခန့် အခွန်ကင်းလွတ်ပေးခဲ့ကြောင်း၊ ယင်းအခွန်များကို ဆေးရုံများတွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း ထောက်ပြသည်။ 

F-01