News

POST TYPE

NEWS

မူးယစ်ဆေးဝါး စစ်ဆင်ရေးများ အောင်မြင်မှုနည်းခဲ့ဟု မန္တလေးတိုင်း နယ်လုံဝန်ကြီး ပြော
26-May-2018 tagged as မူးယစ်ဆေးဝါး

မန္တလေး၊ မေ ၂၆

မန္တလေးတိုင်းအတွင်း ဆောင်ရွက်ခဲ့သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ စစ်ဆင်ရေးများမှာ အောင်မြင်မှုနည်းပါးခဲ့ကြောင်း မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဝန်ခံပြောကြားလိုက်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်လုပ်ခဲ့တဲ့စစ်ဆင်ရေးတွေက အောင်မြင်မှု နည်းနေခဲ့တာကို တွေ့ရပါတယ်။ အောင်မြင်မှုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ကြံဆပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ အရင်ကလုပ်ခဲ့တဲ့ စစ်ဆင်ရေးဆိုတဲ့ပုံစံနဲ့ ဆက်မသွားဘဲ အစီအမံတွေ လုပ်နေတာ ရှိပါတယ်။ ဒီအစီအမံတွေကိုတော့ ဆောင်ရွက်နေတယ်လို့ပဲ ပြောလို့ရမှာပါ”ဟု ၎င်းက ပြောဆိုသည်။

ဒုတိယအကြိမ်မြောက် မန္တလေးတိုင်း လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး မေးမြန်းသည့် လူသားအရင်းအမြစ်များ နေ့စဉ် ဆုံးရှုံးနေမှုမှကာကွယ်ရန် မန္တလေးတိုင်းအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုအား အမြန်ဆုံးထိန်းချုပ်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းသည်ကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ရဲတပ်ဖွဲ့အနေနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးနေတာတွေကို သိတယ်။ ဒါပေမဲ့ မိလိုက်ပြီတဲ့ဆိုရင် ပိုင်ရှင်မဲ့။ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားလေ့ ရှိတဲ့နေရာတွေကို ဝင်ဖမ်းတယ်ဆိုရင်လည်း မတွေ့တာတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ ကွင်းဆင်းလေ့လာတဲ့အခါကျတော့ အဲ့ဒါတွေက ရှိနေတယ်။ ဒါတွေကို ထိန်းချုပ်စေချင်တာ။ ဝန်ကြီးကတော့လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောသွားတယ်။ ချပြလို့မရတာလည်း မှန်တယ်”ဟု ဦးမြင့်အောင်မိုးက ပြောကြားသည်။

မန္တလေးတိုင်းအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှု စစ်ဆင်ရေးများအဖြစ် ၂၀၁၄ ခုနှစ် ဇွန်လက ရတနာပုံစစ်ဆင် ရေး(၁)၊ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ရတနာပုံ စစ်ဆင်ရေး (၂) နှင့် ၂၀၁၆ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်းက ရတနာပုံ စစ်ဆင်ရေး (၃)တို့အပြင် တိုင်းရဲတပ်ဖွဲ့ မှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှူးတို့ ဦးဆောင်မှုဖြင့် စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က မန္တလေးတိုင်းအတွင်းမှ မူးယစ်ဆေးဝါးမှု ၃၂၄ မှုကို ဖမ်းဆီးခဲ့ပြီး အမျိုးသားတရားခံ ၄၃၇ ဦး၊ အမျိုးသမီး တရားခံ ၆၃ ဦးတို့ကို အရေးယူခဲ့ကာ ကျပ်သန်း ၇၁၁ ဒသမ ၂၇၈ ရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မူးယစ်မှု ၅၀၂ မှု၊ အမျိုးသားတရားခံ ၆၅၃ ဦး၊ အမျိုးသမီး တရားခံ ၁၀၃ ဦးတို့ကို အရေးယူခဲ့ပြီး ကျပ်သန်း ၃၃၇၈၀ ဒသမ ၄၁၈ ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး ရဲတပ်ဖွဲ့၏ စာရင်းများအရလည်း သိရသည်။

M-04