News

POST TYPE

NEWS

ဘိုကလေးတွင် မီးလောင်၊ နေအိမ်ဆိုင်ခန်း ၃၂ခန်း ဆုံးရှုံး
26-May-2018

ပုသိမ်၊ မေ ၂၆ 

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာ အမှတ် (၂) နယ်မြေကမ်းနားလမ်း ဘုန်းကြီးကျောင်းဈေးရှိ ကုန်စုံဆိုင်တွင် မေလ ၂၄ ရက် ညပိုင်းကမီးလောင်ခဲ့ရာ နေအိမ်ဆိုင်ခန်း ၃၂ခန်း မီးလောင်ဆုံးရှုံးကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါ မီးလောင်မှုမှာ ၁ နာရီကြာ လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းနှင့် အိမ်တွဲလျက် နေထိုင်သော အခန်း ၂၄ ခန်း၊ ဈေးဆိုင်ခန်း ၈ ခန်း မီးလောင်ခဲ့သဖြင့် လူ ၁၂၀ ခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကြောင်း၊ မီးစတင်လောင်သော ဦးဝင်းဇော်ဦး၏အိမ်မှ လျှပ်စစ်ဓာတ်ကြိုး ပေါက်ပြဲရာမှ ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မြင်းကကုန်းနယ်မြေ ရဲစခန်းထံမှ သိရသည်။

“ပေါက်ကွဲသံ ထွက်လာပြီး မီးက ပြန့်ထွက်လာတယ်၊ ဘာမှသယ်ချိန် မရလိုက်ပါဘူး။ အချိန်တိုအတွင်း မီးက ပြင်းထန်လွန်းတယ်၊ မီးသတ်စက်တွေအပြင် ရေထဲက သဲစုပ်သင်္ဘောတွေ ရောက်လာပြီး သဲရော ရေပါ ဝိုင်းပက်ကြတော့ တစ်နာရီလောက်အကြာမှာ မီးညွန့်ကျိုးသွားတယ်”ဟု နေအိမ်ဆိုင်ခန်း မီးလောင်ဆုံးရှုံးခဲ့သူ ဦးကျော်သူက ဆိုသည်။

မီးဘေးသင့်သူများမှာ ဆွေမျိုးများအိမ်တွင် သွားရောက် နေထိုင်နေပြီး မီး စတင်လောင်ကျွမ်းသော နေအိမ်ဆိုင်ခန်းပိုင်ရှင် ဦးဝင်းဇော်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း မြင်းကကုန်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

မြင်းကကုန်းကျေးရွာ ကမ်းနားတန်းရှိ လူနေအိမ်ဈေးဆိုင်ခန်းများတွင် ကုန်ပစ္စည်းမျိုးစုံအပြင် စက်သုံးဆီ အချို့ကိုလည်း သိုလှောင်ရောင်းချမှု ရှိကြောင်း၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလက ဈေးဆိုင်တန်းများတွင် မီးလောင်ခဲ့သဖြင့် အိမ် ၁၇ လုံးဆုံးရှုံးခဲ့ပြီး ယခုမီးလောင်မှုမှာ ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြင်းကကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

မီးဘေးသင့်သူများကို ကူညီထောက်ပံ့နိုင်ရန် အမြန်ဆုံး ဆောင်ရွက်နေပြီး လောင်စာဆီ သိုလှောင်ရောင်းချမှုများကို ဥပဒေနှင့်အညီ အန္တရာယ်ကင်းသည့်နေရာတွင် ရောင်းချနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။ 

R-12