News

POST TYPE

NEWS

ဘုရင့်နောင်ပန်းခြံရှိ ရေကန်အတွင်း ရေဆင်းချိုးသူ ရေနစ်သေဆုံး
25-May-2018

ရန်ကုန်၊ မေ ၂၄

လှိုင်သာယာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန် - ပုသိမ်ကားလမ်းဘေး၊ ဘုရင့်နောင်ပန်းခြံအတွင်းရှိ ရေကန်တစ်ခုတွင် မေလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က ရာသီဥတုပူအိုက်လွန်းသဖြင့် ရေကန်အတွင်းရေဆင်းချိုးသူ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ရေနစ်သေဆုံးသူမှာ အမှတ် (၉) ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၂ နှစ် အရွယ် ခိုင်ဇော်ထူးဆိုသူဖြစ်ပြီး မွန်းလွဲ ၂ နာရီခန့်က အရက်သောက်ထားပြီး ပန်းခြံအတွင်းရေကန်ဘေးတွင်အိပ်နေရာမှ ရာသီဥတုပူအိုက်သည်ကို မခံနိုင်သဖြင့် အကျယ် ၁ ဒသမ ၅ ဧက၊ ရေအနက် ၃ ပေခန့်ရှိ ရေကန်အတွင်း ရေဆင်းချိုးရာ ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရာသီဥတုက အရမ်းပူတော့ ရေဆင်းချိုးတာ အရက်သောက်ထားတဲ့အရှိန်နဲ့ဆိုတာ့ ရေထဲရောက်ပြီး ခေါင်းပြန်မထောင်နိုင်ဘဲ ရေနစ်သွားတာ ဖြစ်နိုင်တယ်။ တခြားပြင်ပဒဏ်ရာမတွေ့ရဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ရုပ်အလောင်းကို လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ယင်းမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ အရက်အမူးလွန်သေဆုံးသူ ၂၀၁၇ ခုနှစ်တွင် ၁၈၆ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ၈ ဦး၊ ဖေဖော်ဝါရီလတွင် ၈ ဦး၊ မတ်လတွင် ၁၀ ဦးနှင့် ဧပြီလတွင် ၁၉ ဦးရှိခဲ့ရာ အရက်သေစာကြောင့် သေဆုံးသူဦးရေ မြင့်တက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

J-16