News

POST TYPE

NEWS

ဖမ်းဆီးစဉ် ပြန်လည်ခုခံသည့် တရားခံပြေး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး
25-May-2018 tagged as လူသေမှု တရားခံ

ကလေး၊ မေ ၂၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ကျွဲခြံကူးကျေးရွာတွင်ရောက်ရှိနေသည့် တရားခံပြေးတစ်ဦးကို မေလ ၂၃ ရက်နေ့က သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံခဲ့သဖြင့် သေနတ်ဖြင့်ပစ်ဖမ်းခဲ့ရာ တရားခံပြေးအမျိုးသား သေဆုံးခဲ့ကြောင်း ဝန်းသို မြို့မရဲစခန်းထံမှ သိရသည်။

ယင်းနေ့နံနက် ၁၁ နာရီခန့်က ကျွဲခြံကူးကျေးရွာရှိ နေအိမ်တစ်ခုတွင် ရောက်ရှိနေသည့် ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေး သိုင်းအောင် ၃၂ နှစ်ကို ဖမ်းဆီးရာမှ ၎င်းသည် အရှည် ၈ လက်မခွဲခန့်ရှိ ဓားမြှောင်ဖြင့်ထိုးခြင်း၊ တုတ်ဖြင့် ပြန်လည်ရိုက်နှက်ခုခံခဲ့ခြင်းတို့ကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်တွင် တရားခံ၏ ရိုက်နှက်မှုကြောင့် ဝန်းသိုမြို့မရဲစခန်းမှ ဒုရဲအုပ် ရဲမင်းထွန်း၏ ညာဘက်လက်မောင်းနှင့် လက်ဖျံတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ယင်းသို့ပြန်လည်ခုခံမှုအတွက် ခြောက်လုံး ပြူးသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တရားခံပြေး သိုင်းအောင်သည် ဆီးစပ်ကို သေနတ်ကျည်ထိမှန်ခဲ့ကြောင်း၊ ယင်းကြောင့်၎င်းကို ဝန်းသိုမြို့ဆေးရုံသို့တင်ပို့ခဲ့ရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဝန်းသိုမြို့မရဲစခန်းထံမှ သိရသည်။“၂၀၁၆ ခုနှစ်ကလည်း မူးယစ်မှုနဲ့ ဖမ်းတာ။ စခန်းမှူးကိုဓားနဲ့ထိုး ထွက်ပြေးဖူးတယ်။ အခုလည်းမူးယစ်ရောင်းဝယ်နေတဲ့အချိန်ကို ရဲအရာရှိ၊ ဒုရဲအုပ်တွေပါတယ်။ ဝင်ဖမ်းတာ။ ဓားနဲ့ထိုးတော့ ရဲအရာရှိလည်းဒဏ်ရာရတယ်။ တာဝန်အရဆောင်ရွက်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ပြန်လည်ခုခံတာဖြစ်နိုင်တယ်” ဟု ကသာခရိုင်မှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ ဒုရဲအုပ် ရဲမင်းထွန်းကို စုံခုံဖွဲ့စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

R-20