News

POST TYPE

NEWS

မကွေးစည်ပင်ဥပဒေသစ်ဆွဲရန် ဂန့်ဂေါ၌ လူထုလက်မှတ် တစ်သောင်းကျော်ရ
ကလေး၊ မေ ၂၄

မကွေးတိုင်း စည်ပင်သာယာရေးဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန် ဂန့်ဂေါမြို့နယ်၌ မေလ ၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ လူထုသဘောထားလက်မှတ် ကောက်ခံခဲ့ရာ လက်မှတ်တစ်သောင်းနီးပါးအထိရရှိကြောင်း ယင်းတိုင်းစည်ပင်သာယာရေး ဥပဒေ ပြင်ဆင်ရေး ကော်မတီ (ဂန့်ဂေါ) ထံမှ သိရသည်။ 

မကွေးတိုင်းစည်ပင်ဥပဒေ ပြင်ဆင်ရေးဆွဲမည့် ဥပဒေအတွင်းပြည်သူများ အတွက်လိုအပ်သည့် အချက် ၇ ချက် ထည့်သွင်း ရေးဆွဲနိုင်ရန်ကောက်ခံထားသည့် ထိုလက်မှတ်များကို မကွေးတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌထံသို့ မေလ ၂၇ ရက်နေ့တွင် တင်ပြမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ(ဂန့်ဂေါ) အဖွဲ့ဝင် ဦးရှိုင်း ထက်စိုးက ဆိုသည်။

“ဥပဒေတစ်ရပ်ဆိုတာ ပြည်သူဘက်ကို မျက်နှာမူတဲ့ဥပဒေတစ်ရပ် ဖြစ်ရမယ်။ အခု ပြဋ္ဌာန်းထားတဲ့ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေက စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကို မျက်နှာမူပြီးတော့မှ ပြည်သူဘက်ကို မျက်နှာမမူတဲ့ ဥပဒေဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က အသစ်ပေါ်ပေါက်လာမယ့် ဥပဒေက ပြည်သူဘက်ကို မျက်နှာမူဖို့လိုအပ်တာကြောင့် အခုဒီလက်မှတ်တွေကို ကောက်နေတာ”ဟု ဦးရှိုင်းထက်စိုး က ပြောဆိုသည်။ 

မကွေးစည်ပင် ဥပဒေဟောင်း၌ သားသတ်လိုင်စင်ထုတ်ပေးရာတွင် တင်ဒါစနစ်ဖြင့် ခေါ်ယူသည့်အတွက် တင်ဒါအောင်မြင်သူများသည် ၎င်းတို့ စီးပွားရေးတွက်ခြေကိုက်ရန် စားသုံးသူများထံ ဈေးမြှင့်ရောင်းချရာမှ ပြည်သူများ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသောက်နေရသည့်အတွက် ယင်းလုပ်ငန်းကို လေလံတင်ဒါ စနစ်အစား ပြည်သူများမှ တိုက်ရိုက်အခွန်ဆောင်၍ရသည့်စနစ်အဖြစ် သတ်မှတ်ပေးရန် အပါအဝင် အချက် ၇ ချက်ကို တင်ပြမည်ဖြစ်ကြောင်း မကွေးတိုင်းစည်ပင်သာယာရေးဥပဒေ ပြင်ဆင်ရေးကော်မတီ (ဂန့်ဂေါ) ထံမှ သိရသည်။

ယခင်က မြူနီစီပယ်အက်ဥပဒေအဖြစ် ၁၈၇၄ မှစတင်ကာ ၁၉၉၃ ခုနှစ်အထိ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများကို ပြည်ထောင်စု လွှတ်တော်က ရုပ်သိမ်းခဲ့သည့်အတွက် ပြန်လည်ပြင်ဆင်ပြီး မကွေးတိုင်းလွှတ်တော်သို့ တင်ပြမည်ဖြစ်သည်။

R-20