News

POST TYPE

NEWS

ချောက်ရှိ ကန့်သတ်စားသောက်ကုန်များရောင်းချသည့် ကျောင်းမုန့်ဈေးသည်များကို အရေးယူမည်
25-May-2018



ချောက်၊ မေ ၂၄

မကွေးတိုင်း ချောက်မြို့နယ်အတွင်းရှိ ကျောင်းများတွင် ရောင်းချနေသည့် ဈေးသည် ၂၂၀ ဦးအနေနှင့် ကန့်သတ်ထားသည့် စားသောက်ကုန်များကို ရောင်းချပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချခွင့်မပေးသည့် ကန့်သတ်စားသောက်ကုန်များရောင်းချပါက စားသုံးသူကာကွယ်ပေးရေးစီမံခန့်ခွဲမှု ပြစ်ဒဏ် ၇ မျိုးတွင် သတိပေးခြင်း၊ ပြင်းထန်စွာ သတိပေးခြင်း၊ လျော်ကြေးပေးစေခြင်း၊ အငြင်းပွားကုန်စည်ကို ဖြန့်ဖြူးရောင်းချပါက ကာလအကန့်အသတ်ဖြင့် တားမြစ်ခြင်း၊ လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းခြင်းနှင့် အမြဲတမ်းပိတ်သိမ်းခြင်းတို့အပြင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် စားသုံးသူကာ ကွယ်ရေးပုဒ်မ ၉ မှ ၁၄ ထိအရ မည်သည့်စီးပွားရေးလုပ်ငန်းမဆို ထောင်ဒဏ် ၃ နှစ် (သို့) ကျပ်သိန်း ၅၀ ထက်မပိုသော ဒဏ်ကြေးဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ် စေကျခံရမည်ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

မေလ ၂၄ ရက်နေ့က ချောက်မြို့ရှိ အ.ထ.က (၁) ကျောင်းတွင် ကျင်းပသည့် ကျောင်းဈေးသည် ၂၂၀ ဦးကို ယခုနှစ် ကျောင်းဖွင့်ရာသီမတိုင်မီ အသိပညာပေးဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက အထက်ပါအတိုင်း အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျူးလွန်တဲ့ ပြစ်ဒဏ်အပေါ်မူတည်ပြီးတော့ စားသုံးသူကာကွယ်ပေးရေး စီမံခန့်ခွဲမှု ပြစ်ဒဏ်တွေနဲ့ ပြစ်ဒဏ်ချမှတ်မယ်”ဟု ချောက်မြို့ စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဝင်းက ပြောဆိုသည်။

ဈေးသည်များအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းရှိမရှိ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် ကျောင်းဈေးသည် ကြီးကြပ်ရေးကော်မတီမှ အနီးကပ် စောင့်ကြည့်ပြီး မြို့နယ်အဆင့် ကြီးကြပ်ရေးကော်မတီ ကျောင်းကျန်းမာရေးသို့ တင်ပြမည်ဖြစ်ကြောင်း ယင်းမြို့နယ် ကျောင်းကျန်းမာရေး တာဝန်ခံဒေါက်တာတိုးတိုးမေက ဆိုသည်။ 

ချောက်မြို့ ကျောင်းများရှိ ဈေးသည်များအနေနှင့် တစ်နှစ်လျှင်တစ်ကြိမ် ဈေးရောင်းချခွင့် သက်တမ်းတိုးခြင်း၊ ကျန်းမာရေးဆေးစစ်ခြင်းများ မပြုလုပ်သူများကို ဈေးရောင်းခွင့်ပြုမည်မဟုတ်ကြောင်း၊ သတိပေးခြင်း သုံးကြိမ်ထက်ကျော်လွန်သည့် ဈေးသည်များကို ဆက်လက်ရောင်းချခွင့်ပြုမည်မဟုတ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။ 

ဈေးသည်များအနေနှင့် ဓာတုဆိုး ဆေးများ၊ အမှည့်လွန်သစ်သီးများ၊ မသန့်ရှင်းသည့် အစားအစာများ၊ ရက်လွန်စားသောက်ကုန်ပစ္စည်းများကို ရောင်းချခွင့်မပြုကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ခုလိုကြိုတင် အသိပေးဟောပြောပေးတော့ မဝယ်ရောင်းရမယ့်ပစ္စည်းတွေ မရောင်းတော့ဘူးလေ။ ကျောင်းသားကလေးတွေက ကိုယ်သားသမီးတွေလိုပါပဲ သူတို့ချမှတ်ထားစည်းကမ်းတွေ လိုက်နာရမှာပေါ့။ မရောင်းရဘူး ပြောထားတာ ရောင်းတဲ့ဈေးသည်ကတော့ အပြစ် ဒဏ်ခံရမှာပေါ့”ဟု ကျောင်းဈေးသည် တစ်ဦးက ပြောကြားသည်။

နေနိုင် (ချောက်)