News

POST TYPE

NEWS

မြောက်ကိုရီးယားခေါင်းဆောင်နှင့်ပြုလုပ်မည့် စင်ကာပူ ထိပ်သီးဆွေးနွေးပွဲ နှောင့်နှေးဖွယ်ရှိဟု ဒေါ်နယ်ထရမ့်ပြောကြား

ဝါရှင်တန်၊ မေ ၂၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် လာမည့်ဇွန်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးပွဲမှာ နှောင့်နှေးကြန့်ကြာဖွယ်ရှိသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

“ကင်ဂျုံအန်းနှင့်အတူ စင်ကာပူ၌ ပြုလုပ်မည့် ဆွေးနွေးပွဲ မဖြစ်မြောက်နိုင်မည့် အခွင့်အရေးများ ရှိနေသည်”ဟု ထရမ့်၏ ပြောကြားချက်ကို ယင်းသတင်းဌာနက ဖော်ပြသည်။

သမ္မတထရမ့်သည် အိမ်ဖြူတော်တွင် တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်းနှင့်တွေ့ဆုံရာ၌ ကင်ဂျုံအန်းနှင့်ပြုလုပ်မည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အထက်ပါအတိုင်း ခန့်မှန်းပြောဆိုခြင်းဖြစ်သည်။
 
“မြောက်ကိုရီးယားအနေနှင့် ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် မဖြစ်မနေလုပ်ရမယ့် အခြေအနေတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ခဲ့ရင်၊ အဲဒီဆွေးနွေးပွဲဟာ နောင်အခါကျမှ ကျင်းပဖို့ပဲရှိပါတယ်”ဟု ထရမ့်က ပြောကြားသည်။

မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရက အကယ်၍ အမေရိကန်ပြည်ထောင်စု ဘက်ကသာ နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကို တစ်ဖက်သတ် ဖိအားပေးနေမည်ဆိုပါက စင်ကာပူထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းပစ်ရဖွယ်သာ ရှိသည်ဟု ပြောဆိုထားသည်။ 

ကင်ဂျုံအန်းနှင့်ပြုလုပ်မည့် ယင်းထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ ကြိုတင်သတ်မှတ်ချက်များ ထုတ်ပြန်ထားခြင်း မရှိသော်လည်း သတင်းစာဆရာတစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာ၌ “ဆွေးနွေးပွဲတွင် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးကိစ္စ ပေါ်ပေါက်ရမည်ဖြစ်သည်”ဟု ဖြေကြားထားသည်။

ကင်ဂျုံအန်းနှင့် ဒေါ်နယ်ထရမ့်တို့၏ ထိပ်သီး ဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်နေ့တွင် စင်ကာပူ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။ ယင်းသို့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်မှုသည် တောင်နှင့်မြောက် ကိုရီးယားခေါင်းဆောင်နှစ်ဦး ပြီးခဲ့သည့် ဧပြီလအတွင်း နယ်စပ်ဒေသ၌ တွေ့ဆုံခဲ့ကြပြီးနောက် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

သမ္မတထရမ့်သည် မြောက်ကိုရီး ယားခေါင်းဆောင်နှင့်ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ ဖြစ်လာမည့် အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်မည့် သဘောမျိုး ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံ သဘောထား ပြောင်းလဲလာအောင် ဖိအားများ တောက်လျှောက်ပေးရာ၌ သမိုင်းတွင်လောက်သည့် အထောက်အပံ့များပေးခဲ့သော တရုတ်နိုင်ငံကိုလည်း အသိအမှတ်ပြုကြောင်း ထရမ့်ကဆိုထားသည်။ 

အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့နှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေးသည် ကင်ဂျုံအန်းနှင့် မွန်ဂျေအင်းတို့ တွေ့ဆုံပြီးချိန်အထိ ပြန်လည် နွေးထွေးလာသည့် အနေအထားတွင် ရှိခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း တောင်ကိုရီးယားနှင့် အမေရိကန် စစ်တပ်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် ပြန်လည် တင်းမာမည့်အနေအထားသို့ ရောက်သွားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကြောင့် တောင်ကိုရီးယားနိုင်ငံနှင့် ပြုလုပ်မည့် အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံဆွေးနွေးပွဲများကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

F-01