News

POST TYPE

NEWS

ကဗျာဝကမ်းခြေရှိ ပျံကျဆိုင်များအတွက် သီးသန့်ဆိုင်ခန်း ဆောက်လုပ်မည်
မော်လမြိုင်၊ မေ ၂၃

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ ကဗျာဝ ပင်လယ်ကမ်းခြေရှိ ကျူးကျော်ပျံကျ ဆိုင်များအတွက် သီးသန့်ဆိုင်ခန်း ဆောက်လုပ်မည်ဖြစ်ပြီး ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ကဗျာဝ ပင်လယ်ကမ်းခြေ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေကော်မတီထံမှ သိရသည်။

ဆိုင်ခန်းများ စနစ်တကျ တည်ဆောက်နိုင်ရန်အတွက် မြို့နယ်၊ ခရိုင်အထိ စီမံချက် တင်ထားသော်လည်း ခွင့်ပြုချက်မရသေးကြောင်း၊ လက်ရှိကမ်းခြေတွင် ပျံကျဆိုင် ၃၀ ခန့်ရှိနေပြီး ဆိုင်ခန်းဆောက်ရန်အတွက် ပျံကျဆိုင်ရှင်များက သဘောတူထားကြောင်း ကဗျာဝပင်လယ်ကမ်းခြေ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေကော်မတီ အဖွဲ့ဝင် ကိုအောင်နိုင်ဝင်းက ပြောသည်။

ဆိုင်ခန်းဆောက်ရန် ကုန်ကျစရိတ်ကို ဆိုင်ရှင်ဘက်မှ ကုန်ကျခံမည်ဖြစ်ပြီး ဆိုင်ခန်း မဆောက်ရသေးသဖြင့် ကျူးကျော်ပျံကျဆိုင်များမှာ ယခင်အတိုင်းသာ ရှိနေသေးကြောင်း၊ ထိုသို့ဆောက်လုပ်ရန် သက်ဆိုင်ရာမှ ခွင့်ပြုချက်သာ ပေးရမည်ဖြစ်ကြောင်း ကိုအောင်နိုင်ဝင်းက ရှင်းပြသည်။

ကျူးကျော်ပျံကျဆိုင်ခန်းများနှင့် ပတ်သက်၍ မေလ ၂၁ ရက်က ခေါဇာမြို့ အထွေထွေအုပ်ချုပ်ရေးဌာနမှ ကော်မတီ ကို ခေါ်ယူ၍ ပျံကျဆိုင်ခန်းများ ဖျက်သိမ်း ၍ အသစ်နေရာ ချထားနိုင်ရေး ကိစ္စရပ် နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ကဗျာဝကမ်းခြေ သန့်ရှင်းသာယာရေးနှင့် ပတ်သက်၍ မတ်လ ၁၉ ရက် နေ့တွင်လည်း မွန်ပြည်နယ် ဝန်ကြီးချုပ်က ညွှန်ကြားချက် စာတစ်စောင်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပေးပို့ထားကြောင်း၊ သို့သော်ကျူးကျော်ပျံကျဆိုင်များ ဖျက်သိမ်းပြီး အသစ်နေရာချ ပြန်လည်ဆောက်လုပ်ခြင်းကို ခွင့်ပြုချက် တစ်စုံတစ်ရာ မပေးရသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“ကမ်းခြေဆိုင်များမှအပ ထပ်မံ ကျူးကျော်မှုမရှိစေရန် ကော်မတီက ကြီးကြပ်ဆောင်ရွက်ရန်၊ ကျူးကျော်ဆိုင်များကို ယခုထူ ယခုဖျက်စနစ်ဖြစ် ဆောင်ရွက်ရန်၊ ဆောင်ရွက်ပြီးစီးမှုကို မွန်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြရန်ဆိုပြီးတော့ လမ်းညွှန်ထားတာရှိတယ်၊ ဒါပေမဲ့ သူတို့တင်လာတဲ့ စီမံချက်ကိုတော့ ကျွန်တော်တို့ဆီ မရောက်သေးဘူး”ဟု ကဗျာဝပင်လယ် ကမ်းခြေ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးကော်မတီ နာယကလည်းဖြစ်သည့် မွန်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဦးရွှေမြင့်က ပြောသည်။

ကဗျာဝကမ်းခြေကို ၂၀၁၇ ခုနှစ်က လာရောက်သူများလာခဲ့သော်လည်း ကမ်းခြေသို့ လာရောက်လည်ပတ်သူများမှာ ညအိပ်တည်ခိုးရန် တည်းခိုခန်း၊ ဟိုတယ်များ မရှိသည့်အတွက် ၂၀၁၈ ခုနှစ်တွင် လာရောက်လည်ပတ်မှု နည်းလာကြောင်း ကိုအောင်နိုင်ဝင်းက ပြောသည်။ 

R-21