News

POST TYPE

NEWS

ချိန်းတွေ့နေသည့် သမီးရည်းစားကို ဓားနှင့်ထိုးသတ်သူကို ထောင်ဒဏ် ၂၃ နှစ် အမိန့်ချ
ရန်ကုန်၊ မေ ၂၃

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၂) ရပ်ကွက်၊ ကွန်ကရစ်လမ်းဘေး၊ အုတ်ပုံတစ်ခုအနီးတွင် ချိန်းတွေ့နေသော သမီးရည်းစားစုံတွဲကို ဓားနှင့်ထိုးသတ်သူ အမျိုးသားနှစ်ဦးအနက် တစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၂၃ နှစ် ကျခံစေရန် မေလ ၂၁ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရသည်။

ထောင်ဒဏ် အမိန့်ချမှတ်ခံရသူ အသက် ၂၅ နှစ်အရွယ် ရဲမင်းဌေးနှင့် ထွက်ပြေးတိမ်းရှောင်နေသည်ဟုဆိုသော အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးတို့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီခွဲခန့်က အထက်ပါနေရာတွင် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲကို ဓားနှင့်ထိုးခဲ့ရာ ဓားထိုးခံရသူအမျိုးသားသည် ရင်ညွန့်ထိုးသွင်းဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသမီးမှာ ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အခင်းဖြစ်တုန်းကတော့ ကောင်မလေးရဲ့ဖုန်းပျောက်သွားတယ်။ နောက်တစ်ယောက်က ထွက်ပြေးနေတဲ့အတွက် အဲဒီဖုန်းက ဘယ်သူယူသလဲဆိုတာ မသိရဘူး၊ အခုအမိန့်ချခံရတာက ဓားထိုးမှုနဲ့ပဲချတာ။ လုယက်မှုပုဒ်မ မပါဘူး၊ အခင်းဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ ပြစ်မှုကျူးလွန်တဲ့ သူနှစ်ဦးထဲက တစ်ဦးကို ဖမ်းမိခဲ့တာ။ ကျန်တဲ့တစ်ယောက်ကတော့ အခုထိ ထွက်ပြေးနေတယ်။ သူ့ကိုတော့ တရားခံပြေးအဖြစ် ကြေညာထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဓားထိုးမှု ကျူးလွန်သည်ဟုဆိုသော အမျိုးသားနှစ်ဦးကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂/၃၂၄/၃၉၂ ဖြင့် အမှုဖွင့်တရားစွဲဆို တင်ပို့ခဲ့ရာ အရှေ့ပိုင်းခရိုင်တရားရုံးက ယခုထောင်ဒဏ်ချမှတ်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) အရ အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

J-16