News

POST TYPE

NEWS

အသိုးများကျွေး၍ သင်တန်းကြေးဖြတ်ယူသည်မှာ မဟုတ်ကြောင်း ပြန်ရှင်း
24-May-2018

မိတ္ထီလာ၊ မေ ၂၃

မိတ္ထီလာမြို့ရှိ အမှတ် (၂) အခြေခံပညာကျောင်း၌ ဒေသခံ ဆရာ၊ ဆရာမများအတွက် ဒုတိယတန်းသင်ရိုးသစ် (ကျောင်းအုပ်စုအဆင့်) သင်တန်းဆွေးနွေးပွဲကို မေလ ၈ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ရာ ယင်းသင်တန်းတွင် အစားအသောက် အသိုးများကျွေး၍ သင်တန်းကြေး ကျပ် ၉၀၀၀ စီ ဖြတ်ယူထားသည်မှာ မဟုတ်ကြောင်း သင်တန်းမှူးအဖြစ် တာဝန်ယူထားသော လက်ထောက်မြို့နယ် ပညာရေးမှူး ဦးစိုးနိုင်က ပြောကြားသည်။

အဆိုပါသင်တန်းတွင် တက်ရောက်လျက်ရှိသော မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်မှ မူလတန်းပြဆရာမ ဒေါ်နွေးနွေးထက်က လူမှုကွန်ရက်စာမျက်နှာတွင် “သင်တန်းကြေး ၉၀၀၀ (ကျပ်) စီ ဖြတ်ပြီး အသိုးများကျွေးပါသည်။ မိတ္ထီလာမြို့တွင်းရှိ ထ ၂ ၊ ထ ၃ အားလုံး အသိုးများကျွေးပါသည်။ မတရားလုပ်နေသည်ကို လူကြီးများသိစေရန်”ဟု မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ရေးသားသည်ကို သင်တန်းတာဝန်ရှိသူက ပြောပြခြင်းဖြစ်သည်။

ဒုတိယတန်း သင်ရိုးသစ်သင်တန်းတွင် တက်ရောက်သော ဆရာ၊ ဆရာမတိုင်းကို နိုင်ငံတော်အစိုးရက တစ်ရက်လျှင် ၃၀၀၀ ကျပ် ထောက်ပံ့ပေးထားပြီး သင်တန်းကာလ ၁၄ ရက်အတွက် ၄၂,၀၀၀ ကျပ်စီကို စားသောက်စရိတ် ထောက်ပံ့ထားကြောင်း၊ သင်တန်းတက်သူများအတွက် ရုံးသုံးစရိတ်အဖြစ် တစ်ရက်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၁၄ ရက်အတွက် ၇၀၀၀ ကျပ်စီရရှိထားသည်ကို နားလည်မှုလွဲခြင်းဖြစ်ကြောင်း ဦးစိုးနိုင်က ပြောဆိုသည်။

အဆိုပါရုံးသုံးစရိတ်သည် သင်တန်းအတွက် သင်ထောက်ကူဝယ်ခြင်း၊ သန့်ရှင်းရေးကိစ္စ၊ ရေသန့်၊ စာရွက်စာတမ်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သယ်ယူစရိတ်စသော ကိစ္စများအတွက် အသုံးပြုခဲ့ကြောင်း၊ ထိုငွေသည် သင်တန်းသားများထံ ထုတ်ပေးရမည့်ငွေမဟုတ်ကြောင်း၊ လာရောက်ပို့ချသော သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၅၂ ဦးကို ဂါရဝပြုရန် သင်တန်းမှူးများက စေတနာကြေးအဖြစ် ကျပ် ၂၀၀၀ ခန့်စီကို အတင်းအကျပ် မဟုတ်သော သဒ္ဓါကြေးအဖြစ်သာ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ထိုငွေနှစ်ရပ်ပေါင်း ကျပ် ၉၀၀၀ ကို ဖြတ်ယူသည်ဟု ဆရာမတစ်ဦးက နားလည်မှုလွဲခြင်းဖြစ်ကြောင်း၊ သင်တန်းကာလတွင် သင်တန်းသားများကို လေးကြိမ်ခန့်စီကျွေးမွေးခဲ့ရာ တစ်မြို့နယ်လုံးရှိ သင်တန်းသားများအတွက် ပြင်ဆင်ရခြင်းဖြစ်ပြီး ပူပြင်းသောရာသီဥတုကြောင့် မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကျွေးသော ခေါက်ဆွဲကြော်အချို့မှာ ပျက်စီးမှုရှိခဲ့သည်ဟု သိရကြောင်း ၎င်းက ရှင်းပြသည်။ 

“ဒီလိုရေးတဲ့အတွက်က သူ့ကိုအရေးမယူပါဘူး။ သူနားမလည်လို့ ဖြစ်သွားတာပါ”ဟု လက်ထောက်ပညာရေးမှူးက ဆက်လက်ပြောဆိုသည်။ 

အဆိုပါသင်တန်းသို့ မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၄၁၄ ဦး တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ပုဂ္ဂလိကကျောင်းမှ ၃၂ ဦး၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ၄၀ ဦးခန့်လည်း တက်ရောက်ခဲ့သည်။ 

“သင်တန်းနည်းပြတွေရဲ့ စေတနာကိုလေးစားလို့ ဂါရဝပြုချင်လို့ စေတနာပါရင် လုပ်ကြလို့ပြောခဲ့တာပါ။ ခုလိုဖြစ်တဲ့အတွက် သင်တန်းသားတွေရဲ့ပိုက်ဆံ ၂၀၀၀ (ကျပ်) စီ သူတို့လက်ထဲပြန်ပေးလိုက်ပါပြီ။ ကန်တော့ပွဲ မလုပ်ဖြစ်တော့ပါဘူး”ဟု အဆိုပါသင်တန်းတွင် သင်တန်းမှူးအဖြစ် တာဝန်ယူခဲ့သော ကျောင်းဆရာတစ်ဦးက ပြောဆိုသည်။ 

R-01

  • VIA