News

POST TYPE

NEWS

လောက်စာလုံးမှန်သည့်လူရွှင်တော် ကျောက်မျက်လုံးအစားထိုးရမည်
24-May-2018

မန္တလေး၊ မေ ၂၃

လောက်လေးခွဖြင့်အပစ်ခံရသောကြောင့် ညာဘက်မျက်လုံး ပျက်စီးသွားသည့် အောင်ပင်လယ်ဆပ်ကပ်အဖွဲ့မှ လူရွှင်တော် ကိုနေမင်းသည် ကျောက်မျက်လုံးဖြင့် အစားထိုးရတော့မည်ဖြစ်ကြောင်း ယင်းဆပ်ကပ်မန်နေဂျာ ဒေါ်ကေသီထူးက ပြောသည်။ 

ရမည်းသင်းမြို့နယ်ရှိ ရွာတန်းကျေးရွာတွင် ဖျော်ဖြေခဲ့သည့်ပွဲ၌ မေလ ၁၉ ရက်ညက လောက်စာလုံးထိမှန်ခဲ့ခြင်းဖြစ်ပြီး မေလ ၂၁ ရက်တွင် အဆိုပါ လောက်စာလုံးကို ခွဲထုတ်ခဲ့ကြောင်း၊ တစ်လအကြာတွင် ကျောက်မျက်လုံး အစားထိုးရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မျက်လုံးက အလင်းတန်းပါ ပျက်သွားတာပေါ့။ လောက်စာလုံးက ခွဲထုတ်လိုက်တာ။ အလုံးလိုက်ကို နည်းနည်းပဲ ပဲ့တယ်။ ပျက်စီးသွားတဲ့ မျက်လုံးကတော့ တစ်လနေမှထုတ်ပေးမှာ။ အဲဒါပြီးမှ ကျောက်မျက်လုံးထည့်ပေးမှာ”ဟု လူရွှင်တော်ကိုနေမင်း၏ မျက်လုံးအခြေအနေကို ဒေါ်ကေသီထူးက ရှင်းပြသည်။

လက်ရှိတွင် မျက်လုံးခွဲစိတ်မှုခံယူထားသည့် လူရွှင်တော်ကိုနေမင်းအတွက် သဘင်ပညာရှင်များကငွေအားဖြင့် ကူညီကြကြောင်း၊ မျက်လုံးအစားထိုးမည့် ကိစ္စနှင့်ပတ်သက်၍ ကူညီပေးနိုင်ရန် သဘင်ပညာရှင်များအစည်းအရုံး (ဗဟို) ကလည်း တိုင်ပင်နေကြကြောင်း ရမည်းသင်းမြို့နယ်၊ သဘင်ပညာရှင်များ အစည်းအရုံးနှင့် ဆပ်ကပ်အဖွဲ့ထံမှသိရသည်။

ရန်ကုန်မြို့တော်ရှိ အောင်ပင်လယ် ဆပ်ကပ်အဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာ၌ မေလ ၁၇ ရက်နေ့ ညက စတင်ဖျော်ဖြေခဲ့ရာ နောက်ဆုံးညဖြစ်သည့် မေလ ၁၉ ရက်နေ့ညတွင် အဆိုပါ အဖွဲ့မှ လူရွှင်တော်ကိုနေမင်းကို ပရိသတ်ခြောက်ဦးခန့်က ထိုးကြိတ်ခြင်း၊ လောက်လေးခွဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ရာ လောက်လေးခွဖြင့် ပစ်ခတ်ခဲ့သည်ဟု ယူဆရသည့် အမျိုးသားခြောက်ဦးကို အပြင်းအထန် နာကျင်စေမှုပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၅ နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မဖြစ်သည့် ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသည်ဟု ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“စွပ်စွဲထားတဲ့တရားခံက ခြောက်ယောက်ရှိတယ်။ မိထားတာတော့ရှိတယ်။ ဘယ်သူဘယ်ဝါဆိုတာ မသိသေးပါဘူး စစ်နေတုန်း”ဟု ရွာတန်းကျေးရွာ ရဲစခန်းမှူး ဒုရဲအုပ်ဇော်မင်းထွေးက ပြောဆိုသည်။

M-07

  • VIA