News

POST TYPE

NEWS

ကလေးအချုပ်ခန်း သီးသန့် ထားပေးရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
ရန်ကုန်၊ မေ ၂၃

မြန်မာနိုင်ငံရှိ နယ်မြေအလိုက် ရဲစခန်း အချုပ်ခန်းများ၌ ကလေးနှင့် လူကြီး ရောနှောထားမှုကြောင့် အနိုင်ကျင့်ခံရသည့်ဖြစ်စဉ်များ ရှိနေခြင်းကြောင့် ကလေး အချုပ်ခန်း သီးသန့်ထားပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ယခုလ တတိယအပတ်က တိုက်တွန်းထားကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောကြားသည်။

“ကလေးက လူကြီးနဲ့ရောချုပ်ရင် အနိုင်ခံရမယ်လေ။ အဲ့ဒါ ကလေးသူငယ် အခွင့်အရေးကို ထိခိုက်တယ်။ အဲ့ဒါကြောင့် ပြီးခဲ့တဲ့ သုံးရက်လောက် စာထွက်ထားတယ်။ ကျွန်တော်တို့က အကြံပြုတယ်။ ပြည်ထဲရေးက လုပ်ရမှာပေါ့။ အဲ့လိုတော့ ရှိတယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယခုနှစ်ဧပြီလက ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၊ သန်လျင် လူငယ်သင်တန်းကျောင်း အပါအဝင် အမျိုးသမီးသက်မွေး ပညာသင်ကျောင်းတို့မှ အမှုစစ်ဆေးဆဲဖြစ်သည့် ကလေး ၁၀၅ ဦးနှင့် တွေ့ဆုံမေးမြန်းရာတွင် ၉၂ ဦးကို လူကြီးအချုပ်သားများနှင့် ရောနှော ချုပ်နှောင်ခံရခြင်းကြောင့် လက်ဖြင့်ရိုက်နှက်ခြင်း၊ ခြေဖြင့်ကန်ကျောက်ခြင်းများရှိကြောင်း ကလေး ၁၉ ဦးက ဖြေကြားခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကလေးအချုပ်ခန်းကို မှုခင်းဖြစ်ပွားမှုများသည့် မြို့နယ်များအလိုက် ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ပြီး ကလေးနေထိုင်သည့် အချုပ်ခန်း ပမာဏမှာ ဆယ်ပေပတ်လည်ထားရှိပါက နှစ်ယောက်ခန့် ထားရှိနိုင်ပြီး ရန်ကုန်မြို့ကဲ့သို့ နေရာတွင်မူ ယင်းပမာဏထက်ကျယ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဆိုသည်။

“ဒီခေတ်မှာ ဒီဘတ်ဂျက်က ဘာမှ မခက်ပါဘူးဗျာ။ အရေးကြီးတာက ကလေး အခွင့်အရေးအတွက် လုပ်ပေးမယ်ဆိုတဲ့ စိတ်ကပဲ အရေးကြီးတာ”ဟု ဦးစစ်မြိုင်က ထပ်မံ ပြောကြားသည်။

ကလေးသူငယ်ဥပဒေ (၁၉၉၃) ခုနှစ်၊ ပုဒ်မ ၃၇ နှင့် နည်းဥပဒေ ပုဒ်မ ၅၂ တွင် ရဲအရာရှိသည် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်ကို ဖမ်းဆီးရာတွင် လူကြီး အကျဉ်းသားများဖြင့် ရောနှောချုပ်နှောင်ခြင်း မပြုရန် ဖော်ပြထားသည်။

“ကလေးအချုပ်ခန်း သီးသန့် စီစဉ်ပေးမယ်ဆို ကြိုဆိုရမယ့်ကိစ္စပဲ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပေါ် နိုင်ထက်စီးနင်းလုပ်တဲ့ ဖြစ်စဉ်တွေ ကျွန်တော်တို့လည်း ကြုံတွေ့ဖူးတယ်”ဟု ယူနီဆက် အစီအစဉ်ဖြင့် ကလေးသူငယ် အမှုအခင်းများကို အခမဲ့ ရှေ့နေလိုက်ခဲ့သူ ဦးငိုင်ဆာ့က သုံးသပ်သည်။

J-17