News

POST TYPE

NEWS

ရန်ကုန်မြို့တော်၌ မီးပြတ်သည့်အကြိမ် ယခုလကုန် လျော့မည်ဟု YESC ပြော

ရန်ကုန်၊ မေ ၂၃

ရန်ကုန်မြို့၌ နေ့စဉ်နီးပါး ဓာတ်အားပြတ်တောက်လျက်ရှိရာ ယခုလကုန်မှစ၍ အကြိမ်ရေ ယခင်ကထက် လျော့နည်းမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC ဥက္ကဋ္ဌ ဦးသန့်စင်က ပြောကြားသည်။

“မီးအသုံးများလာတဲ့ အလျောက် ရန်ကုန်မှာ မီးပျက်တာ နည်းနည်း များသွားတာဖြစ်တယ်။ ဝန်ကြီးရုံးကလည်း ရန်ကုန်ရဲ့ အခြေအနေတွေကို သေသေချာချာ စောင့်ကြည့်စီမံနေတာ ဖြစ်ပါတယ်။ ဒီမေလကုန်မှာတော့ သစ်ပင်ခုတ်တာကလွဲရင် ဓာတ်အားလိုင်းပြင်တာတွေကို အပြီးလုပ်ခိုင်းထားတယ်။ ဒီလကုန်မှာဆိုရင်တော့ မကြာခဏ မီးပြတ်တာ လျော့နည်းသွားမှာပါ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်မြို့အတွင်း ရာသီဥတု အခြေအနေအရ ဓာတ်အားသုံးစွဲမှု ယခင်နှစ်ကထက် ပိုများလာသည့်အတွက် ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းကြိုးများကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရသဖြင့် ယခုရက်ပိုင်းအတွင်း မကြာခဏ မီးပြတ်တောက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သည့် လုပ်ငန်းများကို ယခုလကုန်အတွင်း အပြီး ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ဦးသန့်စင်ထံက သိရသည်။

ရန်ကုန်မြို့၌ ယခုနှစ်အတွင်း အမြင့်ဆုံး ဓာတ်အားသုံးစွဲမှု ပမာဏမှာ ၁၅၄၈ မဂ္ဂါဝပ်အထိရှိနေပြီး ယခင်နှစ်ကထက် မဂ္ဂါဝပ် ၂၀၀ ကျော် ပိုမိုသုံးစွဲလျက်ရှိကြောင်း၊ နွေကာလတွင် ဓာတ်အားလိုင်းများနှင့် မလွတ်သော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရသဖြင့် အပတ်စဉ် အင်္ဂါနှင့် ကြာသပတေးနေ့များတွင် ပျမ်းမျှမြို့နယ် နှစ်ဆယ်ကျော် မီးဖြတ်ရခြင်းဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှသိရသည်။

“ရန်ကုန်မှာ အသုံးပြုနေတဲ့ ဓာတ်ကြိုးစနစ်တွေက သက်တမ်းအားဖြင့် ကြာနေတာဖြစ်တဲ့အတွက် အဆင့်မြှင့်ဖို့ လိုနေတာတော့ အမှန်ပဲ။ ဒါပေမဲ့ ချက်ချင်းကြီးပြင်လို့ မရနိုင်တဲ့ အခြေအနေ ဖြစ်နေတော့ တဖြည်းဖြည်းနဲ့ ဘတ်ဂျက်ရှိသလောက် ပြင်ဆင်နေတာတွေတော့ ရှိတယ်”ဟု ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ဆိုသည်။

ရန်ကုန်မြို့အတွင်း မကြာခဏ မီးပြတ်တောက်မှုများကြောင့် လျှပ်စစ်မီး အသုံးပြု၍ ဆောင်ရွက်နေရသော လုပ်ငန်းများအနေနှင့် နေ့စဉ်နှင့်အမျှ မီးစက်အသုံးပြု၍ လုပ်ငန်းများ ဆောင်ရွက်ရသဖြင့် ကုန်ကျစရိတ် ပိုမိုများပြားကြောင်း ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်နေသူများထံမှ သိရသည်။

“သစ်ပင်ခုတ်တာတို့ ဓာတ်အားလိုင်း အဆင့်မြှင့်တာတို့ကတော့ ပုံမှန် အပတ်စဉ် လုပ်ငန်းစဉ်တစ်ခုပါ။ ရန်ကုန်က ကောင်းကင်ဓာတ်အားလိုင်းစနစ်ဆိုတော့ အပင်တွေနဲ့ မလွတ်တာမို့ပါ”ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးကဆိုသည်။

ယခုမိုးဦးကျရက်ပိုင်းများတွင် ရန်ကုန်မြို့ရှိ မြို့နယ်များအတွင်း မကြာခဏ ဓာတ်အားပြတ်တောက်မှုများ ရှိနေခြင်းကြောင့် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

“ဒီနှစ်မိုးရာသီကတော့ သစ်ပင်ခုတ်လို့ပြတ်တာနဲ့ လေတိုက်လို့ပြတ်တာနဲ့ နေ့တိုင်းလိုလို ပြတ်နေတာပဲ၊ စိတ်ပျက်နေတာတော့ အမှန်ပဲ”ဟု မြောက်ဒဂုံ မြို့နယ်တွင်နေထိုင်သူ ဦးမျိုးသူက ဆိုသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်များအရ အင်္ဂါနှင့်ကြာသပတေးနေ့များတွင် ရန်ကုန်ရှိ မြို့နယ် ပျမ်းမျှ ၂၀ ကျော် အပတ်စဉ် မီးပြတ်လေ့ရှိပြီး ကျန်သည့်နေ့ရက်များတွင်လည်း မြို့နယ် အနှံ့အပြားတွင် အချိန် ပိုင်းမီးပြတ်တောက်မှုများ နေ့စဉ်နီးပါး ရှိနေသဖြင့် ရန်ကုန်ပြည်သူများကြား ဝေဖန်လျက်ရှိသည်။

J-14