News

POST TYPE

NEWS

ကျောင်းဆရာများကို ရိုက်နှက်သည်ဆိုသော အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ပုဒ်မသုံးခုဖြင့်အမှုဖွင့်
မန္တလေး၊ မေ ၂၃

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် ကျောင်းဆရာများကို ရိုက်နှက်သည်ဟုဆိုသော အုပ်ချုပ်ရေးမှူး အပါအဝင် လေးဦးကို ကျောင်းဆရာများက ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကြောင်း ဇရပ်ကွင်းကျေးရွာ ရဲကင်းစခန်းထံမှ သိရသည်။

“မနေ့ညက (မေလ ၂၂ ရက်နေ့ ည) ၉ နာရီလောက်မှာ သပိတ်ကျင်းရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ ကျောင်းဆရာတွေထဲက ဦးစောထွန်းဦးက တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာပါ”ဟု ယင်းရဲကင်းစခန်းမှူး ရဲအုပ်မျိုးမင်းလွင်က ပြောကြားသည်။

ဇရပ်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောချစ်ညွန့်နှင့်အတူ ပါလာသောအဖွဲ့မှ အမျိုးသားသုံးဦးကို နာကျင်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၃၊ ဆဲဆိုမှုပုဒ်မ ၂၉၄ နှင့် ခြိမ်းခြောက်ပြောဆိုမှုပုဒ်မ ၅၀၆ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

မေလ ၂၀ ရက်နေ့ ညက ဇရပ်ကွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်သည့် ဒုတိယတန်းသင်ရိုးသစ် ဘာသာရပ်သင်တန်း တက်နေကြသည့် ကျောင်းဆရာများသည် ဆရာမများ၏ အဆောင်အနီးတွင် ဂစ်တာတီးသီချင်းဆိုသည်ကို အုပ်ချုပ်ရေးမှူးအဖွဲ့က တားမြစ်ရာမှ အချင်းများခဲ့ကြသောကိစ္စဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးအဖွဲ့က သံတုတ်များဖြင့်ရိုက်နှက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ကျောင်းဆရာများက စွပ်စွဲပြောဆိုထားပြီး အုပ်ချုပ်ရေးမှူးကလည်း ရိုက်နှက်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

အမှုဖွင့်ခံထားရသူများမှာ အုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးစောချစ်ညွှန့်၊ ရာအိမ်မှူး ဦးဝေယံဖြိုးလွင်၊ ဆယ်ဦးမှူးများဖြစ်သည့် ဦးသန်းလွင်နှင့် ဦးစိုးသန်းဦးတို့ဖြစ်ကြောင်း ဇရပ်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောချစ်ညွန့်က အတည်ပြု ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ဘာမှပြောစရာ မရှိပါဘူး။ သူတို့ဘက်က ခိုင်လုံလို့ အမှုဖွင့်တာပဲ။ ကျွန်တော်တို့က ရင်ဆိုင်ဖို့အသင့်ပါပဲ။ ကျွန်တော်တို့မှန်တာကို လုပ်ခဲ့တာပါ”ဟု ၎င်းက ပြောဆိုသည်။

M-04