News

POST TYPE

NEWS

မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေယူမည့်သူများပုံစံ ၇ မူရင်းပေးထားရမည်


မကွေး၊ မေ ၂၂

မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်ထံမှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေရယူမည့် တောင်သူများအနေနှင့် လယ်ယာမြေပိုင်ဆိုင်ကြောင်း ထောက်ခံချက် (ပုံစံ ၇) မူရင်းကို အပေါင်အဖြစ် ပေးထားမှသာ ချေးငွေထုတ်ချေးမည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

ယခင်နှစ်များက တောင်သူများအနေနှင့် ပုံစံ ၇ မိတ္တူ၊ ဘဏ်စာအုပ်နှင့် အိမ်ထောင်စုဇယားပြသရုံဖြင့် ချေးငွေရရှိခဲ့သော်လည်း ယခုနှစ်တွင် မူရင်းကို ဘဏ်သို့ပေးထားမှသာ ချေးငွေရရှိမည် ဖြစ်သည်။

တောင်သူများသည် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ နှစ်စဉ်ထုတ်ပေးသည့် ချေးငွေပမာဏမှာ လုံလောက်ခြင်းမရှိသည့်အတွက် အခြားကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းများတွင် ပုံစံ ၇ မူရင်းကို ပေါင်နှံပြီး ချေးငွေရယူခြင်းများ ပြုလုပ်ကြသည့်အတွက် ယခုကဲ့သို့ မူရင်းပြသရမည်ဆိုပါက အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ၎င်းတို့ထံမှသိရသည်။

တောင်သူများအနေနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးငွေမရယူမီ ပုံစံ ၇ ကို ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းများတွင် ကြိုတင်ပေါင်နှံထားပါက ၎င်းတို့၏ ပေါင်နှံထားကြောင်း ထောက်ခံချက်ပြသနိုင်မည်ဆိုပါက ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်သူများအနေနှင့် ပြင်ပတွင် ပေါင်နှံထားပါက ၎င်းတို့အချင်းချင်း ပြဿနာများဖြစ်ပွားပါက လယ်ယာဖွံ့ဖြိုးရေးဘဏ်အတွက် ဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်သဖြင့် ပုံစံ ၇ မူရင်းကို အပေါင်ပစ္စည်း၊ အာမခံပစ္စည်းတစ်ခုအနေနှင့် ယူထားခြင်းဖြစ်ကြောင်း တိုင်းလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာဦးဝင်းဇော်က ပြောဆိုသည်။

“ယာတစ်ဧကကို သိန်း ၃၀ ပေါက်ဈေးရှိလည်း အစိုးရချေးငွေက တစ်ဧကအတွက် ငါးသောင်းပဲချေးတယ်။ ပြင်ပမှာက ချေးငွေပိုရတဲ့အတွက် တချို့တောင်သူတွေက မယူကြတော့ဘူး။ တချို့ကတော့ယူမယ့် အနေအထားရှိတယ်”ဟု ကန်ပြားကျေးရွာမှ တောင်သူဦးကျင်ရွှေက ပြောဆိုသည်။
.
မကွေးတိုင်းဒေသကြီးအတွင်း မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ပြီးခဲ့သည့်နှစ်ကအတိုင်း ကျပ် ၉၇ ဘီလီယံကျော်ကို ယခုနှစ် မေလ ၁၇ မှ စတင်ထုတ်ချေးမည်ဖြစ်ပြီး ၂၀၁၉ ဧပြီလ ၁၅ ရက်နေ့တွင် ပြန်ဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးစရိတ်ချေးငွေဆပ်ရန် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ သရက်နှင့် အောင်လံမြို့များမှ တောင်သူများ ကျန်ရှိနေပြီး ချေးငွေဆပ်ရန် အများဆုံးအဖြစ် မြို့သစ်မြို့နယ်မှ ကျပ်သိန်း ၈၀၀ ကျော် ကျန်ရှိကြောင်း ယင်းဘဏ်ထံမှ သိရသည်။

မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ၊ ယာတစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထုတ်ချေးမည်ဖြစ်သော်လည်း တစ်ဦးလျှင် ကျပ် ငါးသိန်းအထိသာ ထုတ်ချေးမည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။  

လွင်အေး