News

POST TYPE

NEWS

မြန်မာ - အိန္ဒိယနယ်စပ်ကုန်သွယ်ရေးတံတား၌ ယာဉ်သွားလာခွင့် အိန္ဒိယပိတ်


ကလေး၊ မေ ၂၂ 

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့အနီးရှိ မြန်မာ - အိန္ဒိယနယ်စပ်ကုန်သွယ်မှုပြုရန် ဖြတ်သန်းရသည့်တစ်ခုတည်းသော နယ်စပ်တံတားတွင် ကားများဖြတ်သန်းခွင့်ကို အိန္ဒိယနိုင်ငံက ပိတ်ထားကြောင်း ရိခေါဒါရ် မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါတံတားပေါ်မှ ကုန်တင်ယာဉ်အပါအဝင် မော်တော်ယာဉ်များအားလုံး ဖြတ်သန်းသွားလာမှုကို အိန္ဒိယအစိုးရဘက်က ပိတ်ထားခြင်းဖြစ်ပြီး မည်သည့်အကြောင်းရင်းကြောင့် ပိတ်သည်ကို မသိရသေးပေ။

မဏိပူရ်ပြည်နယ်၊ ဇိုခွါထါကျေးရွာနှင့် ချင်းပြည်နယ် ရိခေါဒါရ်မြို့အကြား နယ်စပ်တံတားကို အိန္ဒိယနိုင်ငံဘက်မှ မေလ ၂၁ ရက်နေ့မှစ၍ ကားများ သွားလာဖြတ်သန်းမှု မပြုလုပ်ရန် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဖြတ်သန်းသွားလာမှုကို ပိတ်ထားသည့်အတွက် နှစ်နိုင်ငံနယ်စပ်မှ အဓိကကုန်သွယ်သည့် ကွမ်းသီးနှင့် အိန္ဒိယနိုင်ငံဘက်မှ တင်သွင်းသည့် မြေဆီများတင်ပို့မှုအသွားအလာရပ်ဆိုင်းသွားခဲ့ပြီး အထည်အလိပ်များမှာမူ လူများဖြင့် သယ်ယူ၍ရသည့်အတွက် အထည်အလိပ်များမှာ ပုံမှန်အတိုင်းကုန်သွယ်မှုရှိနေကြောင်း ရိခေါဒါရ်မြို့နေ ဦးထန်းငါက ပြောကြားသည်။ 

“တံတားပေါ်ကနေ ခြေလျင်နဲ့ ဖြတ်လို့ရတယ်ဆိုပေမယ့် ကုန်စည်တွေကို လူနဲ့ထမ်းပို့မယ်ဆိုရင် စရိတ်စက ပိုမိုကုန်ကျတဲ့အတွက် ကွမ်းသီးတင်ပို့မှုကတော့ ရပ်နားထားတယ်။ ပိတ်တဲ့အချိန်က ရက်သိပ်မကြာရင်တော့ ကိစ္စမရှိဘူး။ ရက်ကြာရင်တော့ လှောင်ထားတဲ့ ကွမ်းသီးတွေ ပျက်စီးကုန်မှာ စိုးရတယ်”ဟု ၎င်းကဆိုသည်။ 

မြေဆီနှင့် ကွမ်းသီးများတင်ပို့မှုသည် ယခင်က အဆိုပါ တံတားပေါ်မှ ဖြတ်သန်းခြင်းမဟုတ်ဘဲ ကွင်းလမ်းမှ ဖြတ်သန်းတင်ပို့ကြခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လအတွင်းမှ စတင်ပိတ်ထားခဲ့ရာ ကုန်တင်ယာဉ်များသည် နယ်စပ်တံတားပေါ်မှ ဖြတ်သန်းသွားလာနေကြရခြင်းဖြစ်သည်။

အဆိုပါတံတားကို ကြံ့ခိုင်မှုအားနည်းသည်ဟုဆိုကာ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း၌ အိန္ဒိယနိုင်ငံဘက်မှ ပြုပြင်ခဲ့သည်။

R-20