News

POST TYPE

NEWS

တူရကီအာဏာသိမ်းရန် ကြိုးပမ်းမှု၌ပါဝင်ခဲ့သူ ၁၀၀ ကျော်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်


အန်ကာရာ၊ မေ ၂၂

တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှု၌ ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ၁၀၄ ဦးအား တူရကီတရားရုံးတော်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ် လိုက်သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထိုသို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူများထဲတွင် ယခင် စစ်ဘက်အရာရှိဟောင်းများလည်း ပါဝင်သည်ဟု နိုင်ငံပိုင် Anadolu သတင်း အေဂျင်စီက ဖော်ပြသည်။ ၎င်းတို့ ၁၀၄ ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုးမှုပျက်ပြားအောင် ကြိုးပမ်းမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ 

ယခုချမှတ်လိုက်သော ပြစ်ဒဏ်များသည် သေဒဏ်ပေးသည့် ပြစ်ဒဏ်နေရာတွင် အစားထိုးချမှတ်ခြင်းဖြစ်ရာ သာမန်ထောင်ဒဏ်တစ်သက်တစ်ကျွန်းထက် ပိုမို ပြစ်ဒဏ်ကြီးမားသည်ဟု တရားရေးအာဏာပိုင်များက ဆိုသည်။ 

၂၀၁၆ ခုနှစ်ကပေါ်ပေါက်ခဲ့သော အဆိုပါအာဏာသိမ်းရန် ကြိုးပမ်းမှုကြီးနှင့်ပတ်သက်၍ တူရကီစစ်ဘက်အမှုထမ်း စုစုပေါင်း ၂၈၀ ဦးမှာ စွဲချက်တင်ခံထားရသည်။ ယခုထောင်ဒဏ်တစ်သက်တစ် ကျွန်းချမှတ်ခံရသူများထဲတွင် ယခင် လေတပ်စစ်ဦးချုပ် ဗိုလ်ချုပ်ဟတ်ဆန်ဟူ စိန်ဒီမစ်ထရာလန်နှင့် ကြည်းတပ်မှ ဗိုလ်ချုပ်ကြီး မီဒူဟာဘီလန်တို့လည်း ပါဝင်သည်။ 

တရားရုံးက အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူ ၂၁ ဦးကို တူရကီသမ္မတအား လုပ်ကြံရန် ပူးပေါင်းကြံစည်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။ နောက်ထပ် ၃၁ ဦးမှာမူ အကြမ်းဖက်အုပ်စုတွင် အဖွဲ့ဝင်ဖြစ်မှုအတွက် ထောင်ဒဏ် ၇ နှစ်နှင့် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ 

တူရကီသမ္မတရုံး၏ ထုတ်ပြန်ချက်အရ မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှုကြီးကြောင့် လူပေါင်း ၂၄၀ ခန့် သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ဒဏ်ရာရရှိသွားခဲ့သည်။ 

ယင်းဖြစ်ရပ်တွင် အမေရိကန်ပြည်ထောင်စု အခြေစိုက် မွတ်ဆလင်ဘာသာရေးခေါင်းဆောင် ဖတ်တူလာဂူလန် နောက်ကွယ်မှကြိုးကိုင်ခဲ့ခြင်းဖြစ်သည်ဟု တူရကီအစိုးရက စွပ်စွဲခဲ့သည်။ သို့သော် စွပ်စွဲချက်များ မှန်ကန်မှုမရှိကြောင်း ၎င်းကငြင်းဆိုခဲ့သည်။

F-01