News

POST TYPE

NEWS

ဒေါ်လာဈေး ဆက်တိုက်တက်
23-May-2018

ရန်ကုန်၊ မေ ၂၂

ယခုရက်ပိုင်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ဆက်တိုက်မြင့်တက်လာရာ ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးဈေးအဖြစ် တစ်ဒေါ်လာလျှင် ၁၃၅၀ ကျပ်သို့ ရောက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ဇန်နဝါရီလ တတိယပတ်အတွင်းက ပြင်ပဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ၁၃၆၀ ခန့်အထိ မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၁၃၅၀ ကျော်အထိမြင့်တက်ကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။

မေလ တတိယပတ်အတွင်း ဒေါ်လာဈေးသည် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ လျှင် ၆ ကျပ်ခန့်နှင့် တစ်လအတွင်းဆိုပါက တစ်ဒေါ်လာလျှင် ၂၀ ကျပ်နီးပါးအထိ မြင့်တက်ကြောင်း၊ ဗဟိုဘဏ်ဈေးမှာ တစ်ပတ်အတွင်း တစ်ဒေါ်လာလျှင် ၉ ကျပ်ခန့်နှင့် တစ်လအတွင်း တစ်ဒေါ်လာလျှင် ၁၁ ကျပ်ခန့် မြင့်တက်ကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာဈေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံတွင်း စီးပွားရေး တောင့်တင်းလာအောင် ပြုလုပ်နေသည့် မူဝါဒများကြောင့် တန်ဖိုးမြင့်တက်လာသည့်အတွက် မြင့်တက်လာခြင်းဖြစ်သော်လည်း ပြည်တွင်း၌မူ အရောင်းအဝယ်များစွာ ဖြစ်ပေါ်ခြင်းမရှိသည့်အတွက် ယခုဈေးထက် ထပ်မံမြင့်တက်လာနိုင်ခြေမရှိကြောင်း ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက ဆိုသည်။

“ထပ်မတက်နိုင်တော့ပါဘူး။ ပြည်ပမှာ တက်နေတာကြောင့် တက်ရပေမယ့် အခုက ဈေးမြင့်လာလို့ ပြည်တွင်းမှာ အဝယ်ထက် ရောင်းတဲ့လူက ပိုများနေတဲ့အတွက် အကျဘက်ပဲ သွားဖို့ရှိတယ်။ အခုတောင်စကျနေပြီ”ဟု Myanmar Sunflower ငွေလဲကောင်တာ ဒါရိုက်တာ အတူးလေးက ပြောဆိုသည်။

မေလ ၂၁ ရက်နေ့က အမေရိကန် တစ်ဒေါ်လာလျှင် ၁၃၅၀ ကျပ်ကျော်အထိ ဈေးမြင့်ခဲ့ပြီး မေလ ၂၂ ရက်နေ့ နံနက်ပိုင်းအထိ ၁၃၅၀ ကျပ်ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ညနေပိုင်းသို့ ရောက်ရှိချိန်တွင် တစ်ဒေါ်လာလျှင် ၁၃၄၈ ကျပ်သို့ ပြန်လည်ကျဆင်းလာကြောင်း၊ ဗဟိုဘဏ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၅၁ ကျပ်ဖြစ်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04

  • VIA