News

POST TYPE

NEWS

Grab တက္ကစီယာဉ်မောင်း ၁၀၀၀ ခန့် ဖဲကြိုးဖြူနှင့် စတစ်ကာလှုပ်ရှားမှု ဆက်လုပ်မည်
23-May-2018
ရန်ကုန်၊ မေ ၂၂

ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် Grab အဖွဲ့ဝင်အငှားတက္ကစီ ယာဉ်မောင်းများအဖွဲ့ ခြောက်ဖွဲ့မှ ယာဉ်မောင်း ၁၀၀၀ ခန့်သည် Grab ကို အဓိက အချက်နှစ်ချက် တောင်းဆိုသည့်အနေနှင့် ဖဲကြိုးဖြူနှင့် စတစ်ကာလှုပ်ရှားမှုကို ရက်အကန့်သတ်မရှိ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။

မေလ ၂၂ ရက် နံနက် ၁၀ နာရီတွင် မြန်မာဂျာနယ်လစ်ကွန်ရက် MJN ရုံးခန်း၌ အငှားတက္ကစီယာဉ်မောင်းများ ပူးပေါင်းဖွဲ့စည်းထားသည့် O&D၊ YTDG၊ MTCG၊ WRB၊ Plaza၊ MCU အဖွဲ့ ခြောက်ဖွဲ့က ဖဲကြိုးဖြူနှင့် စတစ်ကာလှုပ်ရှားမှု ပြုလုပ်ရခြင်းနှင့် အဓိကတောင်းဆိုလိုသည့် အချက်နှစ်ချက်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေကြား အဆင်ပြေခဲ့တဲ့ အရင် System ကို ပြန်လိုချင်တယ်။ ဒါမှ ယာဉ်မောင်းတွေ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်မယ်။ App ကို Updateလုပ်ခိုင်းကတည်းက အခုလို အဆင်မပြေမှုတွေ စဖြစ်တော့တာပါပဲ”ဟု  O&D အဖွဲ့ဝင် အငှားတက္ကစီ ယာဉ်မောင်းကိုဝင်းနိုင်က ဆိုသည်။

တောင်းဆိုလိုသည့် အချက်နှစ်ချက်မှာ ခရီးစဉ်လမ်းကြောင်း လွတ်လပ်စွာရွေးချယ်ခွင့်နှင့် ယာဉ်မောင်းများ၏ အသက်အာမခံလုံခြုံရေး မည်သို့ဆောင်ရွက်ပေးထားသည်ကို ရှင်းရှင်းလင်းလင်း သိရှိလိုခြင်း စသည့် အဓိကနှစ်ချက်ဖြစ်သည်။

Grabကို ကန့်ကွက်သည့်အနေနှင့် ရန်ကုန်မြို့တွင်း Grab Member ဝင် အငှားတက္ကစီယာဉ်မောင်း ၁၀၀ ဦးခန့် မေလ ၁၅ ရက်က ဖဲကြိုးဖြူလှုပ်ရှားမှု စတင်ခဲ့ပြီး မေလ ၂၁ ရက်က အငှားတက္ကစီ ယာဉ်မောင်း ၁၇၀ ကျော် ဖဲကြိုးဖြူနှင့် စတစ်ကာပူးပေါင်းလှုပ်ရှားမှုအဖြစ် သာကေတ၊ သုဝဏ္ဏ၊ မြောက်ဒဂုံ၊ အလုံ၊ စမ်းချောင်း၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်မြို့နယ်များကို အငှားယာဉ်များ စီတန်းလှည့်လည် မောင်းနှင်ခဲ့သည်။

ကုမ္ပဏီအနေနှင့် ဖဲကြိုးဖြူလှုပ်ရှားမှုမှာပါသည့် Grab Member ဝင် အငှားတက္ကစီယာဉ်မောင်းများအပြင် အခြားအဆင်မပြေသည့် အငှားတက္ကစီယာဉ်မောင်းတွေနှင့်ပါ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး တွေ့ဆုံမည့်ရက်ကို ထုတ်ပြန်အသိပေးမည်ဖြစ်ကြောင်း မေလ ၂၁ ရက် က Grab Myanmar ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ ယာဉ်မောင်းများ သတင်းစာရှင်းလင်းပွဲနှင့် တောင်းဆိုထားသည့် အချက်နှစ်ချက်နှင့် ပတ်သက်၍ Grab ထံ မေးမြန်းရာတွင် ပြန်လည်ဖြေကြားရမည့် အဖြေမှာ အဆင်သင့်ရှိနေပြီး Gmail ဖြင့် ပြန်လည်ဖြေဆိုမည်ဟုဆိုကာ ညနေ ၅ နာရီ ၄၅ မိနစ်အထိ ပြန်လည် Gmail ပေးပို့ခြင်း မရှိပါ။

J-06


  • VIA