News

POST TYPE

NEWS

ကချင်စစ်ပွဲများရပ်ရေး ဆန္ဒပြသူ ကိုအောင်မှိုင်းဆန်းနှင့် ကိုဒိန်းဒေါင်တို့ ထောင်ဒဏ်နှစ်လကျ
22-May-2018 tagged as ငြိမ်းစုစီ


မန္တလေး၊ မေ ၂၂

ကချင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ပိတ်မိနေသော တိုင်းရင်းသား ပြည်သူများ လွတ်မြောက်ရေးအတွက် ဆန္ဒပြခဲ့သည့် ဗကသအဖွဲ့ဝင်ဟောင်း ကိုအောင်မှိုင်းဆန်းနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုစိုးမိုးနိုင်(ခ) ကိုဒိန်းဒေါင်တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်နှစ်လစီ ကျခံစေရန် ချမ်းအေးသာစံ မြို့နယ်တရားရုံးက မေလ ၂၂ ရက်နေ့တွင် အမိန့်ချလိုက်သည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ၁၉ အရ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် ထောင်နှစ်လစီ ချလိုက်ခြင်းဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်တရား သူကြီး ဒေါ်ချိုချိုထွန်းက ပြောကြားသည်။

၎င်းတို့နှစ်ဦးကို မေလ ၈ ရက်နေ့ကဖမ်းဆီးခဲ့ပြီး မေလ ၉ ရက်နေ့တွင် ချုပ်ရက်ရမန် ယူခဲ့ကာ မေလ ၁၈ ရက်နေ့တွင် တရားလိုနှင့် လိုပြသက်သေ ငါးဦးကို စစ်ဆေးခဲ့သော်လည်း ကိုအောင်မှိုင်းဆန်းနှင့် ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင်တို့သည် တရားရုံးကို သပိတ်မှောက်ထားသဖြင့် စစ်ဆေးနိုင်ခြင်းမရှိခဲ့ပေ။

“စဖမ်းကတည်းက ကျွန်တော်တို့ ခံယူတာ အပြစ်မရှိဘူး။ မတရားသဖြင့် ဖမ်းခံရတယ်လို့ပဲ သဘောထားတယ်။ ခဏ ဖမ်းတာပဲဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ တရားတယ်လို့ မခံစားရဘူး”ဟု ပြစ်ဒဏ်ချမှတ်ခံရသူ ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွာခဲ့သော စစ်ပွဲကြောင့် ပိတ်မိနေသော တိုင်းရင်းသား ပြည်သူများ လွတ်မြောက်ရေးအတွက် မန္တလေးမြို့၌ မေလ ၆ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ရာတွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့သည်ဟုဆိုရာ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူ ကဗျာဆရာ ကလင့်(မန္တလေး) ကိုလည်း ချမ်းအေးသာစံ မြို့နယ်တရားရုံးကပင် မေလ ၁၀ ရက်နေ့က ထောင်ဒဏ် နှစ်လ ချမှတ်ခဲ့သေးသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့်ပင် ဖမ်းဆီးခံထားရသော ဗကသအဖွဲ့ဝင်ဟောင်း ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကိုလည်း အောင်မြေသာစံ မြို့နယ်တရားရုံက မေလ ၂၅ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

M-01