News

POST TYPE

NEWS

ဗြိတိန်တွင် မော်တာဘီး (Moped) ဖြင့် ထွက်ပြေးသည့် တရားခံကိုလိုက်ဖမ်းမည့် ရဲများအတွက် ဥပဒေသစ်များထုတ်ရန်စီစဉ်
22-May-2018


လန်ဒန်၊ မေ ၂၂

မော်တာဘီးများနှင့် ထွက်ပြေးသည့် ပြစ်မှုကျူးလွန်သူများကို လိုက်လံဖမ်းဆီးသည့်ရဲများ တိုက်မိတိမ်းမှောက်မှု တစ်စုံတစ်ရာ ဖြစ်ပွားသည့်တိုင် ဥပဒေအရ အကာအကွယ်ရစေမည့် အစီအစဉ်တစ်ရပ်ကို ဗြိတိန် ရဲဌာနချုပ်မှ ထုတ်ပြန်ခဲ့သည်ကို BBC သတင်းဌာနတွင် ဖော်ပြသည်။

အချို့သူများ ပြောစမှတ် ရှိကြသကဲ့သို့ ရဲများက ဦးထုပ်မဆောင်းသည့် တရားခံကို ဖမ်းဆီးမရနိုင်ဟူသော ယုံတမ်းစကားကို ဖယ်ရှားပြစ်မည့် ဥပဒေသစ်တစ်ခုလည်း ဖြစ်လာနိုင်သည်။

မော်တာဘီးသည် ဆိုင်ကယ်စာရင်း မဝင်သလို စက်ဘီးလည်းမဟုတ်ရာ မော်တာဘီးဖြင့်ပြေးသူကို ဖမ်းဆီးရာတွင် ကား၊ ဆိုင်ကယ်များဖြင့် ထွက်ပြေးသူကို လိုက်ဖမ်းသလို ဖမ်း၍မရဘဲ ဖြစ်နေခဲ့သည်။

လက်ရှိဥပဒေများအရဆိုလျှင် ရဲအရာရှိများပင်လျှင် ကားကို စည်းကမ်းနှင့်အညီ ဂရုတစိုက် မမောင်းနှင်ပါက ယာဉ်စည်းကမ်းဥပဒေအရ အရေးယူခံရနိုင်ရာ မော်တာဘီးများ၊ ဆိုင်ကယ်များဖြင့် ထွက်ပြေးသည့် တရားခံကို လိုက်ဖမ်းရာတွင် အခက်အခဲ များစွာရှိနေသည်။

“သူများတွေပြောသလိုပေါ့ဗျာ၊ တစ်ချို့နည်းတွေနဲ့ထွက်ပြေးရင် ရဲတွေက လိုက်ဖမ်းလို့ မရဘူးဆိုတာမျိုးကိုတော့ တရားခံတွေအနေနဲ့လည်း အဲ့လိုစဉ်းစားပြီး အဲ့ဒီနည်းနဲ့ ထွက်မပြေးကြပါနဲ့”ဟု ရဲရေးရာဝန်ကြီး နစ်ဟာ့ဒ်က ဆိုသည်။

ပြောင်းလဲခြင်းကို လိုလားနေသည့် ရဲဌာနအဖွဲ့ချုပ်အဖို့ ပြန်လည် ပြုပြင်ပြောင်းလဲမှုများကိုလည်း ကြိုဆိုခဲ့သည်။

“ရဲအရာရှိများတွင် လက်ရှိဖြစ်ပျက်နေသော မူမမှန်သည့် တရားရင်ဆိုင်နေရမှုများနှင့် တစ်ခါတရံတွင် လိမ်လည်၍ အမှုစစ်ခံနေရမှုများကို ကာကွယ်နိုင်ရန်အတွက် အဆိုပါ ရဲအရာရှိများကို ကာကွယ်ပေးမည့် အစီအစဉ်ကို အစိုးရအား အမြန်ဆုံး အကောင်ထည် ဖော်စေချင်သည်”ဟု ရဲ အရာရှိ တင်မ်ရော်ဂျာက ပြောခဲ့သည်။

ပြန်လည် ပြုပြင်မှုများမှာ အထူးသဖြင့် အင်္ဂလန်နှင့် ဝေးလ်စ်ရှိ ရဲအရာရှိများပေါ်တွင် သက်ရောက်မည်ဟုလည်း သိရသည်။

F-06