News

POST TYPE

NEWS

မုန့်ဟင်းခါးဆိုင်ဖွင့်သည့်အိမ်မှ မူးယစ်ဆေးဖမ်းမိ
22-May-2018

ရန်ကုန်၊ မေ ၂၁ 

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၅၃) ရပ်ကွက်၊ ပုဂံလမ်းတွင် မုန့်ဟင်းခါးဆိုင်ဖွင့်ထားသူ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ နေအိမ်မှ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မေလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

အဆိုပါ အိမ်ကို တာဝန်ရှိသူများက ရှာဖွေရာ အိမ်ပိုင်ရှင်အပါအဝင် အမျိုးသား ၃ ဦးကို တွေ့ရပြီး ၎င်းတို့အနက် အမျိုးသားတစ်ဦးက ပြတင်းပေါက်မှ ခုန်ချထွက်ပြေးသဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း၊ ယင်းနောက် အိမ်ထဲတွင် အအေးစုပ်ပိုက်ဖြင့် ထည့်ထားသော WY ဆေးပြား ၄၈ ပြားကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

အဆိုပါ အိမ်သို့ အမျိုးသားနှစ်ဦးက မုန့်ဟင်းခါးရောင်းသူထံ မူးယစ်ဆေးသုံးရန်အတွက် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ အိမ်ရှင်မှာ လွန်ခဲ့သော နှစ်လမှစ၍ မုန့်ဟင်းခါးရောင်းရင်း အမျိုးသားတစ်ဦးနှင့် ခင်မင်ရာက မူးယစ်ဆေးတွေ ဝယ်ယူသုံးစွဲခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဖမ်းမိသည့် အမျိုးသားသုံးဦးကို မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မများဖြင့် အမှုဖွင့်ထားပြီး ဆေးပြားရောင်းချသူ အမျိုးသားကို ဆက်လက်စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

J-16

  • VIA