News

POST TYPE

NEWS

အငြင်းပွားမဲရလဒ်များဖြင့် ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ်စ်မာဒူရို ပြန်လည်ရွေးကောက်ခံရ၊ အတိုက်အခံများသာမက အမေရိကန်ကပါ မဲရလဒ်ကို ပယ်ချ
22-May-2018



ကာရာကတ်စ်၊ မေ ၂၁

ဗင်နီဇွဲလားနိုင်ငံတွင် ကျင်းပပြုလုပ်သော အငြင်းပွားဖွယ်ရွေးကောက်ပွဲတွင် သမ္မတ နစ်ကိုးလပ်စ်မာဒူရိုပင် ပြန်လည် ရွေးကောက်တင်မြှောက်ခံလိုက်ရကြောင်း၊ သို့သော် ရွေးကောက်ပွဲဖြစ်စဉ်နှင့် မဲရေတွက်မှု၌ မသမာမှုများရှိသည်ဟု ပြိုင်ဘက်နိုင်ငံရေးအင်အားစုများက စွပ်စွဲပြီး ရွေးကောက်ပွဲသစ်တစ်ရပ် ထပ်မံကျင်းပရန် တိုက်တွန်းထားကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

ယမန်နေ့က ကျင်းပပြုလုပ်သော ဗင်နီဇွဲလားရွေးကောက်ပွဲသို့ လာရောက်မဲပေးသူအရေအတွက် လွန်စွာနည်းပါးခဲ့သည်။ 

အမျိုးသားရွေးကောက်ပွဲကောင်စီ (CNE) က နစ်ကိုးလပ်စ်မာဒူရိုသည် မဲစုစုပေါင်း ၆၇ ဒသမ ၇ ရာခိုင်နှုန်းရရှိကာ သမ္မတအဖြစ်ပြန်လည်ရွေးကောက်တင်မြှောက်ခံလိုက်ရပြီဖြစ်သည်ဟု ထုတ်ပြန် ကြေညာသည်။ 

နစ်ကိုးလပ်စ်မာဒူရို၏ အနီးကပ်ပြိုင်ဘက် ဟင်နရီဖယ်လ်ကွန်မှာ ဒုတိယ မဲအများဆုံးရရှိပြီး မဲ ၂၁ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တတိယအများဆုံးမှာ ဂျေဗီးယားဘာတူစီဖြစ်ပြီး ၁၀ ရာခိုင်နှုန်းရရှိကြောင်း ရွေးကောက်ပွဲကောင်စီ၏ ထုတ်ပြန်ချက်ကဆိုသည်။ 

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယခုထုတ်ပြန်သည့် ရလဒ်သည် မဲ ၉၂ ဒသမ ၆ ရာခိုင်နှုန်းကို ရေတွက်ထားခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲသို့ မဲလာပေးသူ ၄၆ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း ပြောကြားသည်။ 

မဲပေးသူဦးရေ နည်းပါးလွန်းသောကြောင့် မဲရုံများသည် ပိတ်ရမည့်အချိန်ထက် ၂ နာရီနောက်ကျပြီးမှ ပိတ်ခဲ့ကြသည်။ 

“ကျွန်တော့်ကို သူတို့လျှော့တွက်ခဲ့ကြတာကိုး” ဟု နစ်ကိုးလပ်စ်မာဒူရိုက သမ္မတရုံးအပြင်ဘက်တွင် ၎င်းကိုထောက်ခံသူများအား မိန့်ခွန်းပြောကြားသည်။ ယခု ရွေးကောက်ပွဲကြောင့် မိမိအနေနှင့် နိုင်ငံရေးအရ တရားဝင်လုပ်ပိုင်ခွင့်ရရှိသွားသည်ဟု ခံစားရကြောင်း၊ လာမည့် ၂ နှစ် တာကာလအတွင်း ရွေးကောက်ပွဲကျင်းပစရာမရှိသေးကြောင်း ၎င်းကဆိုသည်။ 

ထို့ပြင် မိမိ၏ အစိုးရအဖွဲ့အနေနှင့် အတိုက်အခံအင်အားစုများနှင့် အတူရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးသွားလိုကြောင်း ၎င်းကဆိုသည်။ မာဒူရိုက ၎င်း၏ အောင်မြင်မှုကို သမိုင်းဝင်သော၊ မှတ်တမ်းတင်သော အောင်ပွဲအဖြစ်လည်း သတ်မှတ်ပြောဆိုထားသည်။ 

“ဒီကနေ့တော့ ဗင်နီဇွဲလားနိုင်ငံကို အရမ်းကိုချစ်မိသွားပြီ” ဟု နစ်ကိုးလပ်စ် မာဒူရိုကပြောကြားသည်။ ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခြင်းကြောင့် မာဒူရိုအနေနှင့် ဗင်နီဇွဲလားသမ္မတတာဝန်ကို နောက်ထပ်ခြောက်နှစ်တာမျှ ဆက်လက်ထမ်းဆောင်ခွင့်ရရှိသွားသည်။ 

ပင်မအတိုက်အခံနိုင်ငံရေးခေါင်းဆောင်ဖြစ်သော ဟင်နရီဖယ်လ်ကွန်က ယခုထွက်ရှိလာသည့် ရွေးကောက်ပွဲရလဒ်ကို လက်သင့်မခံကြောင်း ကြေညာသည်။ 

“ယခုမဲရလဒ်ကို တရားဝင်ရလဒ်ဖြစ်တယ်လို့ ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး၊ ဗင်နီဇွဲလားမှာ ရွေးကောက်ပွဲသစ်တစ်ရပ် ပြန်လည်ကျင်းပရပါလိမ့်မယ်” ဟု ၎င်းကပြောကြားသည်။ 

ဟင်နရီဖယ်လ်ကွန်က ယခုရွေးကောက်ပွဲတွင် သမ္မတနစ်ကိုးလပ်စ်မာဒူရို စိတ်တိုင်းကျအောင် မဲမသမာမှုများရှိနေကြောင်း ပြောကြားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အုပ်ချုပ်ရေးအဖွဲ့ကလည်း ယင်းရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း ကြေညာသည်။ 

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်ရုံးက အဆိုပါ ဗင်နီဇွဲလားရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ် စော်ကားတိုက်ခိုက်ခံရမှုသာဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။

F-01