News

POST TYPE

NEWS

ဟစ်တလာ၏ သွားကိုစစ်ဆေးချက်များက ၎င်းအသက်ရှင်နိုင်ကြောင်း ယုံတမ်းစကားများကို ပယ်ချ
22-May-2018



ဘာလင်၊ မေ ၂၁

နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာ ကျန်ရစ်ခဲ့သောသွားကို စစ်ဆေးမှုများက ၁၉၄၅ ခုနှစ်တွင် ၎င်းအမှန်တကယ် သေဆုံးခဲ့သလားဟူသော သံသယရှိမှုများကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

၁၉၄၅ မေလအစောပိုင်းက ဘာလင်တွင် ရုရှားတို့ တွေ့ရှိခဲ့ပြီးမော်စကိုတွင် သိမ်းဆည်းထားခဲ့သော ဟစ်တလာ၏ သွားအစုံကို မကြာသေးမီက ပြင်သစ်ရောဂါဗေဒပညာရှင်အဖွဲ့က စစ်ဆေးခွင့်ရရှိခဲ့သည်။ ရုရှားတို့က နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် စစ်ဆေးခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယခင်အပတ်က ဥရောပ ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သော တွေ့ရှိချက်များသည် ဒွိဟဖြစ်စရာမရှိဘဲ ရှင်းလင်းတိကျသည်။

“သွားတွေက အစစ်အမှန်ပါ။ သံသယဖြစ်စရာမရှိပါဘူး။ ၁၉၄၅ မှာ ဟစ်တလာသေဆုံးခဲ့တယ်ဆိုတာကို ကျွန်တော်တို့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေက သက်သေပြနေပါတယ်” ဟု သုတေသနအဖွဲ့ ဦးဆောင်သူ ဖိလစ်ချာလီယာက ပြောကြားသည်။

ဟစ်တလာသေကြောင်း ကြံစည်ခဲ့သည်ဟူသောအချက်ကို အတည်ပြုရန်အတွက် ၎င်း၏ ဦးခေါင်းခွံအပိုင်းအစကိုလည်း သုတေသနအဖွဲ့က လေ့လာခွင့်ရရှိခဲ့သည်။ ယခုစစ်ဆေးခဲ့သောသွားသည် ဟစ်တလာ၏ သွားဆရာဝန်ပေးသော အချက်အလက်များနှင့် ကိုက်ညီမှုရှိပြီး အသားစားထားသည့် သဲလွန်စ မတွေ့ရသောကြောင့် ဟစ်တလာသည် သတ်သတ်လွတ်စားသူဟူသောအချက်နှင့်လည်း ကိုက်ညီသည်ဟု သိရှိရသည်။

ယခုတွေ့ရှိချက်များက နာဇီခေါင်းဆောင်သည် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးနေ့ရက်များတွင် ဖျက်ဆီးခံရမှုမှ လွတ်မြောက်သွားခဲ့သည်ဟူသော စိတ်ကူးယဉ်အတွေးများကို အဆုံးသတ်သွားစေသည်။

“ဟစ်တလာနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေအားလုံးကို ကျွန်တော်တို့ ရပ်တန့်လိုက်ပါပြီ။ သူကအာဂျင်တီးနားကိုလည်း ရေငုတ်သင်္ဘောနဲ့ ထွက်မပြေးခဲ့ပါဘူး။ အန္တာတိက လျှို့ဝှက်စခန်းမှာလည်း ပုန်းမနေခဲ့ပါဘူး” ဟုဖိလစ်ချာလီယာက ပြောကြားသည်။

ဟစ်တလာ၏ ဇာတ်လမ်းသည် သမိုင်းပညာရှင်များ ယုံကြည်ထားသည့်အတိုင်း နာဇီဌာနချုပ် မြေအောက်ဘန်ကာတွင် ပူးတွဲသေကြောင်းကြံစည်သွားခဲ့သည်ဟူသော ယူဆချက်ဖြင့် နောက်ဆုံးတွင် အဆုံးသတ်သွားပြီဖြစ်သည်။

၁၉၄၅ ဧပြီ ၃၀ ရက်တွင် ရုရှားတပ်များသည် ဘာလင်မြို့လယ်ရှိဟစ်တလာ၏ မြေအောက်ဘန်ကာအနီး မီတာ ၅၀၀ အထိချဉ်းကပ်ဝိုင်းရံထားခဲ့သည်။ မွန်းလွဲ အစောပိုင်းတွင် ဟစ်တလာသည် ၎င်း၏ အိမ်တော်ဝန်ဖြစ်ခဲ့သူအသစ်စက်စက်ဇနီး အီဗာဘရောင်းနှင့်အတူ အိပ်ဆောင်သို့ ဆုတ်ခွာသွားခဲ့ပြီး ဆိုင်ယာနိုက်ဆေးတောင့်များကို မျိုချကာကိုယ့်ကိုယ်ကိုယ် ပစ်သတ်၍ နှစ်ဦးသားသေကြောင်းကြံစည်သွားခဲ့ရာ ၎င်းတို့၏ အလောင်းများကို အချစ်တော်ခွေးနှစ်ကောင်၏ အလောင်းများနှင့်အတူ ညနေ ၃း၁၅ တွင် တွေ့ရှိကြရသည်။

မူဆိုလီနီ၏ အလောင်းကိုအီတလီတို့ ဖျက်ဆီးခဲ့သည်ကို သိရှိထားသော ဟစ်တလာက ၎င်းနှင့် အီဗာတို့ အလောင်းများကို မည်သို့ စီစဉ်ရမည်ကို ညွှန်ကြားထားခဲ့ရာ အလောင်းများကို ဘန်ကာအပြင်သို့ထုတ်၍ မီးသင်္ဂြိုဟ်ပေးခဲ့ရသည်။ မီးကျွမ်းနေသောအလောင်းကို မေလ ၅ ရက်တွင် ဗုံးကျင်းထဲ၌ ရုရှားတပ်များက တွေ့ရှိခဲ့ပြီး ဟစ်တလာဖြစ်ကြောင်း စိစစ်အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

ဟစ်တလာ၏ ရုပ်ကြွင်းများကို စစ်ဆေးရန် National Geographic ရုပ်သံမှ ငှားရမ်းခဲ့သူ မှုခင်းရောဂါဗေဒ ပညာရှင် မတ်ခ်ဘင်းနစ်က “ဟစ်တလာရဲ့ သွားတွေက တော်တော့်ကို ဆိုးပါတယ်။ ဒီသွားတွေနဲ့တင် သူ့အလောင်းကို အတည်ပြုလို့ရတယ်”ဟု မှတ်ချက်ပေးသည်။

ဟစ်တလာ၏ သွားဆရာဝန်ဟူဂို ဘလတ်စ်နှင့် လက်ထောက်ကေသီ ဟော့စမန်းတို့က မဟာမိတ်တပ်များကို ထုတ်ပေးခဲ့သော ဆေးမှတ်တမ်းများနှင့် ဟစ်တလာ၏အလောင်းကို ရုရှားတို့က နှိုင်းယှဉ်စစ်ဆေးခဲ့ကြသည်။

ကေသီဟော့စမန်း၏ ရုရှားစကားပြန်ရပ်ဇ်ကာယာသည် ဟစ်တလာ၏သွားများကို မော်စကိုသို့ တာဝန်ယူသယ် ဆောင်ခဲ့ရသည်။ ရုရှားခေါင်းဆောင် စတာလင်သည် ဟစ်တလာသေဆုံးမှုကို သေချာပေါက် သိရှိထားသော်လည်း ဗြိတိန်နှင့် အမေရိကန်တို့က လျှို့ဝှက်ကယ်ထုတ်သွားခဲ့ကြသည်ဟု မမှန်သတင်း ဖြန့်ဖြူးစေခဲ့သည်ဟု သိရှိရသည်။

ထိုသို့ သတင်းဖြန့်ခြင်းဖြင့် ဗြိတိန်နှင့် အမေရိကန်တို့ကို နာဇီဝါဒနှင့် ဆက်နွှယ်မှုရှိအောင် ဖန်တီးသည့် စီမံချက်ကို ရုရှားတို့က ဒဏ္ဍာရီစစ်ဆင်ရေးဟု ခေါ်ဝေါ်ခဲ့သည်။

အဒေါ့ဖ်အစ်ခ်ျမန်းနှင့် ဂျိုးဆက်မင်ဂလီကဲ့သို့သော နာဇီခေါင်းဆောင်အချို့ တောင်အမေရိကသို့ ထွက်ပြေးခဲ့သော ဖြစ်ရပ်မှန်နှင့် စတာလင်၏ မမှန်သတင်းတို့ တွဲဖက်လိုက်သောအခါ ဟစ်တလာလွတ် မြောက်သွားဖွယ်ရှိသည်ဟူသော စိတ်ကူးယဉ်လျှို့ဝှက်ဇာတ်လမ်းများထွက်ပေါ်လာခဲ့သည်။

နောင်တွင် စာရေးဆရာဖြစ်လာသူ စကားပြန်ရပ်ဇ်ကာယာသည် သူမ၏ ဇာတ်လမ်းများကို ထုတ်ဖော်ရန်အတွက် စတာလင်သေသည်အထိ စောင့်ဆိုင်းခဲ့ရသည်။ အဖြစ်မှန်ကို ဖုံးဖိထားသည့် စတာလင်၏ အစီအစဉ်အရ သွားဆရာဝန်လက်ထောက် ကေသီဟော့စမန်းကို ဟစ်တလာအား ကူညီမှုဖြင့် ဆိုဗီယက်ရုရှားတွင် ဆယ်နှစ်ကြာထိန်းသိမ်းထားခဲ့သည်။

“ဟစ်တလာရဲ့သွားတွေကို ပြင်ပေးခဲ့လို့ စစ်ပွဲက ကြာရှည်သွားခဲ့တယ်။ ဟစ်တလာရဲ့သွားတွေကို ပြင်မပေးဘဲ သူ့ခေါင်းကို ပုလင်းနဲ့ ရိုက်ခွဲလိုက်ရမှာ” ဟု ရုရှားတို့က ဟော့စမန်းကိုပြောခဲ့ကြကြောင်း စကားပြန် ရပ်ဇ်ကာယာ၏ မြေးဖြစ်သူ လူဘော့ဗ်ဆမ်းက Times of Israel သတင်းစာသို့ ပြောကြားခဲ့သည်။

F-04