News

POST TYPE

NEWS

ဆပ်ကပ်အဖွဲ့မှလူရွှင်တော်ကို လောက်လေးနှင့် ပစ်ခတ်သူများအား ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်
22-May-2018

မန္တလေး၊ မေ ၂၁

ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာတွင် ဖျော်ဖြေနေသည့် အောင်ပင်လယ်ဆပ်ကပ်အဖွဲ့မှ လူရွှင်တော်နေမင်းကို လောက်လေးခွဖြင့်ပစ်ခတ်ခဲ့သူ ခြောက်ဦးကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း ယင်းဆပ်ကပ်အဖွဲ့ မန်နေဂျာ ဒေါ်သီတာထူးက ပြောကြားသည်။

“အာမခံပေးလို့ရတဲ့ အမှုဖြစ်တဲ့အတွက် အာမခံပေးထားတယ်။ မေလ ၂၀ ရက်နေ့က စစ်ပြီးပြီ။ ဖြစ်တဲ့ကလေးရဲ့ အစ်ကိုက ရဲစခန်းမှာ အမှုဖွင့်ထားတာ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဆပ်ကပ်အဖွဲ့သည် ရန်ကုန်မြို့မှဖြစ်ပြီး ရွာတန်းကျေးရွာတွင် မေလ ၁၇ ရက်ညကစတင် ဖျော်ဖြေခဲ့ရာမှ မေလ ၁၉ ရက်နေ့ ညတွင် လူရွှင်တော်နေမင်းကို ပရိသတ်ခြောက်ဦးခန့်က ထိုးကြိတ်ခြင်း၊ လေးခွဖြင့်ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ လေးခွဖြင့်ပစ်လိုက်သော လောက်စာလုံးသည် နေမင်း၏ ညာဘက်မျက်လုံးကို ထိမှန်ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

လောက်စာလုံးသည် နေမင်း၏ ညာဘက်မျက်လုံးအတွင်းထိ ဝင်သွားသောကြောင့် ခွဲစိတ်ထုတ်ပယ်ရမည်ဖြစ်ကြောင်း၊ ညာဘက်မျက်လုံးကျွတ်ထွက် ပျက်စီးသွားသည်အထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် သဘင်အနုပညာရှင်၊ အတတ်ပညာရှင်များအပေါ် မင်းမဲ့စရိုက်ဆန်စွာပြုမူခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး ဗဟိုက ထုတ်ပြန်ထားသည်။

“လောက်စာလုံးက အတွင်း (မျက်လုံး) ထဲမှာ ရှိနေတော့ မေလ ၂၁ က နေပြည်တော်မှာရှိတဲ့ နား၊ နှာခေါင်းဆေးရုံမှာ အော်ပရေးရှင်း ဝင်ရတယ်”ဟု ဒေါ်သီတာထူးက ထပ်လောင်းပြောဆိုသည်။

မျက်လုံးခွဲစိတ်ကုသမှုခံယူရမည့် ဆပ်ကပ်သမားသည် ပြကွက်တစ်ခုပြသရန် စင်အောက်သို့ဆင်း၍ လှေကားယူနေစဉ် အမျိုးသားခြောက်ဦးက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်က လူစုခွဲပြီးနောက် စင်ပေါ်ပြန်တက်လာစဉ် လေးခွဖြင့် အပစ်ခဲ့ခြင်းဖြစ်ကြောင်း ဆပ်ကပ်မန်နေဂျာက ရှင်းပြသည်။

လက်ရှိတွင် လောက်လေးခွဖြင့် ပစ်ခတ်ခဲ့သည်ဟုယူဆရသည့် အမျိုးသားခြောက်ဦးကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသည်ဟု ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

M-07

  • VIA