POST TYPE
NEWS
ကြမ်းပိုးသတ်ဆေးရှူမိသည့် ကျောင်းသူ ၂၀ နီးပါး ဆေးရုံရောက်
22-May-2018

သရက်ချောင်း၊ မေ ၂၁
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကနက်သီရိရွာရှိ စာကျက်ဝိုင်းတွင် ကြမ်းပိုးသတ်ဆေးရှူမိသည့် ကျောင်းသူ ၂၀ နီးပါး အဆိပ်သင့်ကာ မေလ ၂၀ ရက်ညက ဆေးရုံတင်ကုသလိုက်ရသည်။
ယင်းနေ့ မနက် ၁၀ နာရီခန့်တွင် ကြမ်းပိုးဆေးဖျန်းကာ အိမ်ပြန်သွားကြပြီး ညနေ ၆ နာရီခန့်တွင် ၉ တန်းနှင့် ၁၀ တန်းတက်မည့် ကျောင်းသား၊ ကျောင်းသူ ၂၆ ဦးခန့် စာလာကျက်ကြကြောင်း ယင်းစာကျက်ဝိုင်းတွင် စာရှင်းပြပေးနေသည့် အဝေးသင်တက္ကသိုလ် ကျောင်းသားတစ်ဦးက ဆိုသည်။
စာကျက်နေချိန် ည ၉ နာရီခန့်တွင် ကျောင်းသူများ အော့အန်ကာ နေမကောင်းဖြစ်ရာမှ စတင်သိရှိခဲ့ကြောင်း ၎င်းက ပြောသည်။
“ပထဆုံးတစ်ယောက် စဖြစ်တော့ ကြမ်းပိုးဆေးကြောင့် ဓာတ်မတည့်တာလို့ ထင်တာ၊ ကြမ်းပိုးဆေးကြောင့် မှန်းမသိဘဲနဲ့ ဆေးရုံတင်ပြေးမှ နောက်တစ်ယောက် (တစ်ဦးပြီးတစ်ဦး) ထပ်ဖြစ်တာ”ဟု အဆိုပါ အဝေးသင်တက္ကသိုလ်ကျောင်းသားက ဆိုသည်။
အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြားအရွယ်ရှိ ကျောင်းသူ ၁၅ ဦးကို ရငဲဆေးရုံမှ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်ကုသရန် အရေးပေါ် လူနာတင်ယာဉ်များဖြင့် ညတွင်းချင်း တင်ပို့ခဲ့ကြသည်။
ည ၁၁ နာရီခွဲခန့်တွင် ဖုန်းဖြင့် အကြောင်းကြားလာသည့်အတွက် သွားရောက်သယ်ဆောင်ပေးခဲ့ပြီး ရငဲဆေးရုံတွင် စောင့်ကြည့် လူနာ ၃ ဦး ကျန်ရှိနေသေးကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာတင်ယာဉ်အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က မေလ ၂၀ ရက် နံနက် ၁ နာရီတွင် ပြောသည်။
“စတွေ့တွေ့ချင်းတော့ လူနာရဲ့ အခြေအနေက အရမ်းစိုးရိမ်ရတဲ့ အနေအထားဆိုပြီး တွေးမိတာပေါ့”ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။
လူနာအများစုက အော့အန်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ သွေးပေါင်ချိန် အဆမတန်မြင့်တက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း အစရှိသည့် လက္ခဏာများ ခံစားရသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။
လူနာများကို ဇမ္ဗူသီရိ၊ မြတ်ပါရမီ၊ ကျောက်မြောင်း၊ အောက်သရက်ချောင်း၊ ပဲဒက်ဆေးရုံ လူနာတင်ယာဉ် အစရှိသည့် လူနာတင်ယာဉ် ၁၅ စီးဖြင့် သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
Dawei Watch
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019