News

POST TYPE

NEWS

ယာဉ်စီးခငွေပေးချေကတ်စနစ် လုပ်ငန်းစရန် ဆွေးနွေး
21-May-2018 tagged as YBS


ရန်ကုန်၊ မေ ၂၁

ယာဉ်စီးခပေးချေရာတွင် ငွေအကြွေ ပြဿနာကို မရှိစေရန် ဆောင်ရွက်မည့် ငွေပေးချေကတ်စနစ် Yangon Payment Services(YPS) အတွက် လုပ်ငန်းပိုင်းဆိုင်ရာများကိုစတင်ရန် တင်ဒါအောင်မြင်ခဲ့သော Asia Starmar Transport Intelligent Co., Ltd. က ဝန်ကြီးချုပ်နှင့် လာရောက် ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်သည်။

မေလ ၂၁ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ Yangon Payment Services (YPS) ငွေပေးချေကတ်စနစ် အကောင်အထည်ဖော်ရန် တင်ဒါအောင်မြင်ခဲ့သော Asia Starmar Transport Intelligent Co., Ltd. က တာဝန်ရှိသူများနှင့် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းတွင် အသုံးပြုမည့် ငွေပေးချေကတ်စနစ်ကို တင်ဒါအောင်မြင်ခဲ့သည့်ကုမ္ပဏီဖြင့် သုံးလအတွင်း လုပ်ငန်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယခုလအတွင်း အဆိုပါကုမ္ပဏီနှင့် MoU ရေးထိုးပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား ထားသည်။

ငွေပေးချေကတ်စနစ် Yangon Payment Services(YPS) အကောင်အထည်ဖော်ရန် ပဏာမတင်ဒါအောင်သည့် Excel KC Myanmar ကုမ္ပဏီကို ဧပြီလ ၂၀ ရက်က ရွေးချယ်ထားမှုမှ ပယ်ဖျက်ခဲ့ပြီး ကျန်ရှိသည့်ကုမ္ပဏီနှစ်ခုအနက် Asia Starmar Transport Intelligent ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ဆန်ခါတင်ကျန်ရှိသည့် Anypay Payment Services ကုမ္ပဏီနှင့် Asia Starmar Transport Intelligent ကုမ္ပဏီနှစ်ခုကို တင်ဒါ စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း စိစစ်ရွေးချယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က အသိပေးထားသည်။

အဆိုပါစနစ်တွင် YBS ခရီးသည် တင်ယာဉ်လိုင်းများကို နိုင်ငံခြားသားများ Visa Master ကတ်ဖြင့် စီးနင်းနိုင်မည်ဖြစ်ပြီး ပြည်တွင်းက MPU ကတ်များဖြင့်လည်း စီးနင်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

YBS ယာဉ်လိုင်းများတွင် လက်ရှိ ကောက်ခံနေသည့် ယာဉ်စီးခနှုန်းထားများမှာ ကာလကြာရှည် ကောက်ခံရမည့် နှုန်းထားမဟုတ်ဘဲ ငွေပေးချေကတ်စနစ် အကောင်အထည် ဖော်သည့်အချိန်တွင် ဈေးနှုန်း အပြောင်းအလဲ ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

လက်ရှိတွင် ငွေပေးကတ်ဖြစ်သည့် Anypay ကတ်ကို ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီက YBS ၃၇ ယာဉ်လိုင်းတွင် အသုံးပြုပြီး ရေလမ်းကြောင်းအဖြစ် ခရီးသည်သယ်ယူ ပို့ဆောင်ရေး ပြုလုပ်နေသော ရေကြောင်းဘတ်စ်အဖြစ် ပြေးဆွဲသည့် ဗိုလ်တထောင်-အင်းစိန်ခရီးစဉ်တွင်လည်း အသုံးပြုလျက်ရှိသည်။

J-06