News

POST TYPE

NEWS

၂၁ ရာစု ပင်လုံညီလာခံ ဇွန်လသို့ ရွှေ့ဆိုင်း
21-May-2018
ရန်ကုန်၊ မေ ၂၁

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မြောက် အစည်းအဝေးကို မေလမှ ဇွန်လသို့ ရွှေ့ဆိုင်းလိုက်ကြောင်း NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များထံမှ သိရသည်။

အဆိုပါအစည်းအဝေးကို မတ်လတွင် ကျင်းပရန်စီစဉ်ထားသော်လည်း မေလကုန်သို့လည်းကောင်း၊ ထိုမှဇွန်လလယ်သို့ လည်းကောင်း ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးကျင်းပရန် လူမျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲများ မကျင်းပနိုင်သဖြင့် ပထမအကြိမ် ရွှေ့ဆိုင်းပြီးနောက် ယခုအခါ ညီလာခံမတိုင်မီ လုပ်ငန်းကော်မတီ အစည်းအဝေးများ ကျင်းပရန် ကျန်နေသေးသည့်အတွက် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များထံမှ သိရသည်။

ညီလာခံကို ပြဿနာ တစ်စုံတစ်ခုကြောင့် ရွှေ့ဆိုင်းရခြင်းမဟုတ်ဘဲ ညီလာခံမတိုင်မီ လုပ်ငန်းကော်မတီ အကြို အစည်းအဝေး နှစ်ပတ်ကြာ ကျင်းပရန် စီစဉ်ထားသည့်အတွက် အချိန်မလုံလောက်တော့၍ ညီလာခံကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ယခုလကုန်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးလည်း ကျင်းပရန်ရှိနေသေးပြီး ဇွန်လဆန်းပိုင်းတွင် ၂၁ရာစု ပင်လုံညီလာခံ ကျင်းပရေးလုပ်ငန်း ကော်မတီ နှစ်ပတ်ကြာ ပြုလုပ်ပြီးမှသာ ညီလာခံကို ကျင်းပသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

“ဇွန်လ ၁၉ ရက်က နိုင်ငံတော် အတိုင်ပင်ခံရဲ့ မွေးနေ့ ရှိနေတော့ အဲဒီမတိုင်ခင်လောက် လုပ်ဖြစ်မလားပေါ့။ လုပ်ငန်းကော်မတီ အစည်းအဝေးက အနည်းဆုံး နှစ်ပတ်ထိုင်ရမှာဆိုတော့ မေလထဲက ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး”ဟု ၎င်းကဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ဒုတိယအကြိမ်မြောက် ညီလာခံကျင်းပစဉ်က သဘောတူနိုင်ခဲ့ခြင်းမရှိဘဲ ချန်လှပ်ခဲ့ရသည့် နိုင်ငံရေးကဏ္ဍမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်ထောင်စုမှ ခွဲမထွက်ရအချက်၊ လုံခြုံရေးကဏ္ဍ စသည်တို့ကို ညီလာခံ တတိယအကြိမ် အစည်းအဝေးတွင် မည်သို့ ဆွေးနွေးသွားမည်ကို သဘောတူညီချက် မရသေးဘဲ ဆက်လက် ညှိနှိုင်းသွားရန် လိုအပ်နေသေးကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူများထံမှ သိရသည်။

အလားတူ NCA လက်မှတ်ထိုးထားသည့် နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခွင့် မရသေးသည့်အတွက်ကြောင့် အဆိုပါ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများကလည်း ဝေဖန်မှုများ ရှိနေသည်။

“ကြည့်ရတာ ရှမ်းနဲ့ရခိုင်လူမျိုးအလိုက်က ဒီညီလာခံမတိုင်မီ ကျင်းပဖို့ သိပ်မသေချာဘူး။ အခုထိ ရေရာတဲ့ ပြေလည်မှုကို မတွေ့ရသေးဘူး”ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူတစ်ဦးက သုံးသပ်သည်။

၂၁ ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ မေလကုန်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍ သဘောတူညီချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍ မူဝါဒသဘော တူညီချက် ၄ ချက်နှင့် မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ သဘောတူညီချက် ၁၀ ချက် စုစုပေါင်း ၃၇ ချက် ပါဝင်သည့် ပြည်ထောင်စု သဘောစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

လက်ရှိ ကျင်းပမည့် တတိယအကြိမ် အစည်းအဝေးကို အစိုးရကဖိတ်ကြားပါက တက်ရောက်သွားရန် တရုတ်အစိုးရက မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကို ပြီးခဲ့သည့် ရက်ပိုင်းက တိုက်တွန်းထားပြီး မြောက်ပိုင်းအဖွဲ့က ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ညီလာခံက NCA ထိုးထားသည့် အဖွဲ့ ရှစ်ဖွဲ့သာ ပါဝင်ခဲ့သော်လည်း မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့တို့ NCA ထိုးခဲ့သောကြောင့် လာမည့်ညီလာခံတွင် အဖွဲ့နှစ်ဖွဲ့ ထပ်တိုးလာမည်ဖြစ်သည်။

J-08