News

POST TYPE

NEWS

ရွှေမော်ဓောစေတီရှိ ဗေဒင်ဟောခန်းများကို တံခါးပိတ်ဟောခွင့်ပိတ်
21-May-2018



ပဲခူး၊ မေ ၂၀

ပဲခူးတိုင်း ပဲခူးမြို့က တန်ခိုးကြီး ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီ ရင်ပြင်တော်ပေါ်ရှိ ဗေဒင်ဟောခန်းများကို တံခါးပိတ်ဟောပြောခွင့် တားမြစ်ကြောင်း ရွှေမော်ဓောစေတီဂေါပကအဖွဲ့ထံမှ သိရသည်။

“ရန်ကုန်မှာ ဗေဒင်ဆရာတစ်ဦး ပြဿနာနဲ့ဆိုင်မယ်လို့ထင်တယ်။ သာသနာရေးဝန်ကြီးဌာနက ညွန်ကြားချက် ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးပတ်က စာထွက်တယ်။ အခု ဗေဒင်ဆရာတွေကို တွေ့ဖို့ပြင်ဆင်နေတယ်”ဟု အဆိုပါဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ စေတီရင်ပြင်၌ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်မှစ၍ ဗေဒင်ဟောခန်း များကို တံခါးအတင်အချ ပြုလုပ်နိုင်သည့် ပုံစံများဖြင့် ဗေဒင်ဟောခန်းများ ဖွင့်လှစ်ခဲ့ပြီး ယခုနောက်ပိုင်းနှစ်များ၌ အိမ်ငယ်များအသွင် ပြင်ဆင်တည်ဆောက် ဖွင့်လှစ်လာခဲ့ခြင်းဖြစ်သည်။

ဗေဒင်၊ လက္ခဏာမေးမြန်းခြင်း၊ ယတြာချေခြင်းပြုသူအများစုက လူအများမြင်သည်ကို မကြိုက်ကြခြင်းကြောင့် တံခါးပိတ်ပေးရန်၊ လိုက်ကာချပေးရန် တောင်းဆိုမှုပြုကြသော်လည်း ယခုညွန်ကြားချက်က ပြဿနာမရှိကြောင်း ယင်းစေတီရှိ ဗေဒင်ဆရာအများစုက ပြောဆိုသည်။

“ဗေဒင်လာမေးသူတွေထဲမှာ ချမ်းသာကြွယ်ဝသူတွေ၊ ရာထူးဂုဏ်ရှိန် မြင့်မားသူတွေက လူသိမခံချင်တာမျိုးတော့ ရှိတာပေါ့။ ဆိုလိုတာက လူမှုရေးပိုင်းတော့ နည်းနည်းခက်ခဲတာပေါ့”ဟု ဗေဒင်ဆရာ ဦးခိုင်ခန့်ဇော်က ပြောကြားသည်။

ရွှေမော်ဓောစေတီ စောင်းတန်းများတွင် ဈေးဆိုင်ခန်းများကို အခကြေးငွေဖြင့် ဖွင့်လှစ်ရောင်းချခွင့်ပြုထားသကဲ့သို့ စေတီရင်ပြင် မြောက်ဘက်နှင့် အနောက်ဘက်မုခ်ဦးများတွင် ဗေဒင်ဟောခန်း ၁၅ ခုကို တစ်လလျှင် ၅၀၀၀ ကျပ်ဖြင့် တည်ထောင်ဖွင့်လှစ်ခွင့်ပြုထားကြောင်း စေတီဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေမော်ဓောစေတီရင်ပြင်ရှိ ဗေဒင်ဟောခန်းများကိုသာ ပိတ်ခိုင်းခြင်းဖြစ်ပြီး ပဲခူးမြို့ပေါ်ရှိ ဗေဒင်ဟောခန်းများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ရွှေမော်ဓောစေတီ ဂေါပကအဖွဲ့က တာဝန်ရှိသူများထံမှ သိရသည်။

R-15

  • VIA