News

POST TYPE

NEWS

ပွင့်ဖြူရှိ မဲဇလီဘေလီကြိုးတံတား ကြံ့ခိုင်မှုမကောင်း၍ ယာဉ်သွားလာမှုကန့်သတ်၊ တံတားသစ်တစ်စင်း တစ်လအတွင်း တည်ဆောက်မည်
21-May-2018 tagged as တံတား မကွေး

မကွေး၊ မေ ၂၀

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာ လမ်းမကြီးပေါ်တွင် မုန်းချောင်းကိုဖြတ်ပြီး တည်ဆောက်ထားသည့် မဲဇလီဘေလီကြိုးတံတားမှာ ကြံ့ခိုင်မှု နောက်ဆုံးအဆင့်ဖြစ်သည့် အဆင့်(၅) သို့ ရောက်ရှိနေသဖြင့် ယာဉ်သွားလာမှု ကန့်သတ်လိုက်ကြောင်း အဆိုပါတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က မဲဇလီဘေလီတံတားပေါ်မှ တန် ၂၀ အထိ သွားလာခွင့်ပြုခဲ့ရာမှ ၁၆ တန်သို့ လျှော့ချသွားလာခွင့်ပြုခဲ့ရာမှ ယခုနှစ် မေလအတွင်းမှစတင်၍ အန္တရာယ်ရှိ အဆင့်သတ်မှတ်၍ ၁၃ တန်အထိသာ သွားလာခွင့်ပြုကြောင်း မကွေးတိုင်းဒေသကြီး တံတားအထူးအဖွဲ့ (၅) ထံမှသိရသည်။

“အဆင့် (၅) ဆိုရင် တံတားဖြတ်သန်းသွားလာတာတွေကို ပိတ်ပြီး လမ်းလွှဲက လွှတ်ရပါမယ်။ လမ်းလွှဲမရှိဘဲ အဓိကလမ်းမကြီးဖြစ်လို့ ၁၃ တန်အထိပဲ ဖြတ်သန်းခွင့်ပေးပါတယ်။ ကားကြီးတွေဆိုရင်တော့ လူတွေကို လမ်းဆင်းလျှောက်ခိုင်းပါတယ်။ အခု ယာယီတံတားတည်ဆောက်ဖို့ အမြန်ဆုံးဆောင်ရွက်နေပါတယ်။ ပစ္စည်းတွေလည်း စုံနေပါပြီ”ဟု တံတားအထူး အဖွဲ့ (၅) မှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော်က ပြောဆိုသည်။

အဆိုပါ အရှည်ပေ ၉၄၀ ရှိ မဲဇလီ ဘေလီတံတားကို ၂၀၀၄ ခုနှစ်က တည်ဆောက်ခဲ့ပြီး ယခုအချိန်တွင် တံတားကို ပြန်လည်တည်ဆောက်ပါက ခရီးသွားလာမှုများ အခက်အခဲရှိမည်ဖြစ်သဖြင့် ၎င်းတံတား၏ အောက်ဘက် ပေ ၂၀၀၀ အကွာတွင် ပေ ၇၂၀ ရှိသည့် ယာယီတံတားတစ်စင်းကို တစ်လအတွင်း အမြန်ဆုံးတည်ဆောက်မည်ဖြစ်ကြောင်း၊ အဆိုပါယာယီတံတား တည်ဆောက်ပြီးပါက မဲဇလီကြိုးတံတား အားဖြုတ်ချကာ သံဘောင် တံတားအသစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါ တံတားအထူးအဖွဲ့ (၅) ထံမှ သိရသည်။

တံတားအဆင့် သတ်မှတ်ချက်များတွင် အဆင့် (၁) ဖြစ်ပါက အကောင်းမွန်ဆုံး အဆင့်ဖြစ်ပြီး အဆင့် (၂၊ ၃၊ ၄)တွင် ပြင်ဆင်ပြီး အသုံးပြုနိုင်သည့်အဆင့်ဖြစ်ကာ အဆင့် (၅) သည် အန္တရာယ်ရှိ အဆင့်ဖြင့် သတ်မှတ်ထားပြီး ပြင်ဆင်ရန်ခက်ခဲသဖြင့် ပြန်လည်တည်ဆောက်ရန်သာရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

မဲဇလီဘေလီကြိုးတံတားသည် မကွေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ဆက်သွယ်ပေးထားသည့် အဓိက တံတားတစ်စင်းဖြစ်သည်။ 

လွင်အေး