News

POST TYPE

NEWS

ကိုဇေယျာလွင်နှင့် ကဗျာဆရာနှစ်ဦးကို ယနေ့ ရုံးထုတ်မည်
20-May-2018


ရန်ကုန်၊ မေ ၂၀

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ၌ ပြီးခဲ့သည့် သီတင်းပတ်ကပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲတွင် ပါဝင်သူသုံးဦးကို ကျောက်တံတား မြို့နယ်တရားရုံးတွင် ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၁၉ ဖြင့် ယနေ့ (မတ်လ ၂၁ ရက်) တွင် ပထမဦးဆုံး ရုံးတင်စစ်ဆေးမည်ဖြစ်သည်။

မေလ ၁၄ ရက်၊ ညနေပိုင်းက စစ်ပွဲများ ရပ်တန့်ရန် ရည်ရွယ်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲတွင် ပါဝင်သူ ကိုဇေယျာလွင်၊ ကဗျာဆရာ ရွှေကြယ်မိုးနှင့် မအိအိမိုးတို့ကို ထိုပွဲမှာပင် ပုဒ်မ ၁၉ ဖြင့် တရားစွဲမည်ဖြစ်ကြောင်း ကျောက်တံတား မြို့နယ်ရဲတပ်ဖွဲ့မှ လာရောက် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီရုံးချိန်မှာက ကျွန်တော်တို့ကို တရားရုံးမှာ စွဲချက်တင်ပြီး အာမခံ ယူ၊ မယူပေါ့၊ ဒါမျိုး လုပ်မယ်ထင်တယ်။ ကျွန်တော့်ဘက်က အာမခံ ယူ၊ မယူက တရားရုံးရောက်မှပဲ ပြောနိုင်ပါမယ်”ဟု ကိုဇေယျာလွင်က ဆိုသည်။

ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲကို ကျောက်တံတားရဲစခန်းက လာရောက်တားဆီးခဲ့ပြီး ထိုရွတ်ဆိုပွဲတွင် အမှတ်တရ စကားပြောကြားသည့် တကသ ကျောင်းသားခေါင်းဆောင်ဟောင်း ဇေယျာလွင် အပါအဝင် သုံးဦးကို ကျောက်တံတားရဲစခန်း တာဝန်ရှိသူများက ငြိမ်း စု စီ ပုဒ်မ ၁၉ ဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။

ကိုဇေယျာလွင်နှင့် မအိအိမိုးမှာ တာမွေ အဝိုင်းထိပ်တွင် မေလ ၁၂ ရက်က ပြုလုပ်ခဲ့သည် ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွင် ဗဟန်းမြို့နယ်ရဲစခန်းတွင် ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ခံထားရသေးသည်။

စစ်ပွဲများရပ်တန့်ရန် ဆန္ဒပြ တောင်းဆိုမှုများနှင့်ပတ်သက်၍ မေလအတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ကချင်ပြည်နယ် အစရှိသောဒေသ လေးခုမှ တရားစွဲဆိုခံရသူ ၄၅ ဦးရှိပြီး၊ အမှုအရေအတွက် ၁၄ ခုထိရှိလာပြီဖြစ်ကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့) မှ မေလ ၁၆ ရက်က ထုတ်ပြန်ထားသည်။ 

တရားစွဲဆိုခံရသော ပုဒ်မများမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ - ၁၉၊ ပုဒ်မ - ၂၀ နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၀ အသေရေဖျက်မှုတို့ ဖြစ်ကြသည်။

ဝေလင်း