News

POST TYPE

NEWS

အငှားယာဉ်မောင်း၏ငွေများ လုယူထွက်ပြေးသူ နှစ်ဦးကို ရပ်ကွက်နေသူများ ဝိုင်းဖမ်း
20-May-2018 tagged as လုယက်မှု

ရန်ကုန်၊ မေ ၂၀

မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ် ကွက် ညီညွတ်ရေးလမ်းတွင် မေလ ၁၉ ရက်ညပိုင်းက ပရိုဘောက်အငှားယာဉ် တစ်စီးပေါ်မှ ယာဉ်မောင်း၏ငွေများကို လုယူထွက်ပြေးသည့် အမျိုးသားနှစ်ဦးကို ရပ်ကွက်နေသူများက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းမောင်းထံမှ ငွေလုယူထွက်ပြေးသူများမှာ အသက် ၁၉ နှစ်ရှိ ပြည့်ဖြိုးအောင်နှင့် အသက် ၂၅ နှစ်ရှိ မြတ်မင်းတို့ နှစ်ဦးဖြစ်ပြီး ၎င်းတို့သည် ယင်းနေ့ ည ၉ နာရီခန့်က ရွှေလင်ပန်းစက်မှုဇုန်မှ သမိုင်းလမ်းဆုံသို့ ပရိုဘောက် အငှားယာဉ်တစ်စီးကို ငှားရမ်းစီးလာပြီးနောက် မရမ်းကုန်းမြို့နယ်ရှိ ညီညွတ်ရေးလမ်းအရောက် ယာဉ်နောက်ခန်းတွင် ထိုင်နေသူက ယာဉ်မောင်း၏မျက်လုံးကို လက်ဖြင့်ပိတ်ပြီး ယာဉ်ရှေ့ခန်းတွင် ထိုင်နေသူက ယာဉ်မောင်း၏လွယ်အိတ်ကိုလုယူကာ ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

“သူတို့နှစ်ယောက်က လှိုင်သာယာကနေ ရွှေလင်ပန်း စက်မှုဇုန်ကို လိုက်ပို့ပေးဖို့ အငှားကားကို နှစ်ထောင်ကျပ်နဲ့ ငှားလာခဲ့တယ်။ ပြီးတော့ သမိုင်းဘူတာရုံဘက်မှာနေတဲ့ သူငယ်ချင်းဆီ သွားမလို့ဆိုပြီး ကားကို ထပ်ငှားတယ်။ ဟိုရောက်တော့ သူငယ်ချင်းနေအိမ်ကို မမှတ်မိလို့ဆိုပြီး ကားနဲ့ လိုက်ပတ်ရှာနေချိန် ညီညွတ်ရေး လမ်းအရောက်မှာ ကားသမားရဲ့မျက်လုံးကို နောက်ခန်းမှာ ထိုင်နေတဲ့လူက လက်နဲ့အုပ်ပြီး ပိတ်လိုက်တာ။ ကားသမားက ကားရပ်လိုက်ချိန် ရှေ့ခန်းမှာ ထိုင်နေသူက ငွေထည့်ထားတဲ့ လွယ်အိတ်ကို ဆွဲလုယူပြီး နှစ်ယောက်လုံး ကားပေါ်က ဆင်းပြေးချိန် ကားသမားက အော်ဟစ် အကူအညီ တောင်းခဲ့တာကြောင့် ရပ်ကွက်ထဲက လူတွေက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးပေးခဲ့တာပါ”ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါ ဖမ်းမိသူနှစ်ဦး၏လွယ်အိတ်ထဲမှ လုယူလာသည့်ငွေကျပ် ၄၅၀၀၀ ကို သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတို့ကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03