News

POST TYPE

NEWS

အသားတိုးကြက် ဈေးပြန်တက်
ဟင်္သာတ၊ မေ ၁၉

ဈေးကျဆင်းနေခဲ့သည့် အသားတိုး မွေးမြူရေးကြက်အရှင် ဈေးကွက်မှာ မေလ ၁၇ ရက်နေ့၌ ဈေးပြန်လည်မြင့်တက်ခဲ့ကြောင်း ဟင်္သာတခရိုင်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

မေလ ၁၆ ရက်နေ့အထိ ပိဿာတစ်ရာလျှင် နှစ်သိန်းရှစ်သောင်းကျပ်ဖြင့် ဝယ်လိုအားနည်းပါးနေသည့် အသားတိုး မွေးမြူရေးကြက်အရှင် ဈေးကွက်မှာ မေလ ၁၇ ရက်နေ့တွင် ပိဿာတစ်ရာလျှင် သုံးသိန်းနှစ်သောင်းကျပ်ဈေးဖြင့် ဝယ်လိုအားမြင့်တက်ခဲ့ကြောင်း ယင်းလုပ်ငန်းရှင်များက ပြောကြားသည်။

ပြီးခဲ့သည့် မေလဆန်းမှစ၍ မေလ ၈ ရက်နေ့အတွင်း အသားတိုးကြက်ပိဿာတစ်ရာလျှင် ကျပ်နှစ်သိန်းရှစ်သောင်းဈေးအထိ ဈေးကျဆင်းခဲ့ကြောင်း မွေးမြူရေးလုပ်ငန်းရှင် ဦးမြအောင်က ပြောဆိုသည်။

ကြက်အရှင် ပိဿာတစ်ရာလျှင် ကျပ်သုံးသိန်းဝန်းကျင်ဈေးဖြင့် ရောင်းချရပါက အရင်းတိုက်အဆင့်သာဖြစ်ပြီး အကျိုးအမြတ်မရှိကြောင်း၊ ပိဿာတစ်ရာလျှင် ကျပ်သုံးသိန်းခွဲဈေး အနည်းဆုံးရရှိမှသာ သင့်တင့်သည့် အကျိုးအမြတ်ခံစားရမည်ဖြစ်ကြောင်း၊ ၄၅ ရက်တစ်ကြိမ် ထုတ်လုပ်ရောင်းချရသည့် အသားတိုးကြက်အရှင်များကို ကြက်ခြံအများစု ပြိုင်တူရောင်းချရက် ဆုံသွားပါကလည်း အဝယ်ဈေးကျဆင်းလေ့ရှိပြီး စားသုံးသူဈေးကွက်အတွင်း ဈေးကျဆင်းမှုမရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင် ဦးခင်စန်းက ရှင်းပြသည်။

R-13