News

POST TYPE

NEWS

မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို စစ်ဆေးရန် ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် ဆင့်ခေါ်
20-May-2018



ကွာလာလမ်ပူ၊ မေ ၁၉

အရှုပ်တော်ပုံများဖြင့် နာမည်ပျက်နေသော မလေးဝန်ကြီးချုပ်ဟောင်းနာဂျစ် ရာဇတ်ကိုလာမည့်အပတ်တွင် စစ်ဆေးရန်ခြစားမှုတိုက်ဖျက်ရေး အာဏာပိုင်များက ဆင့်ခေါ်ထားကြောင်း AFP သတင်းဌာန ကဖော်ပြသည်။

ကမ္ဘာတစ်ဝန်းဖြန့်ကြက်ထားသော မသမာမှုနှင့် ငွေကြေးခဝါချမှုအရှုပ်တော်ပုံကြီးတွင် 1MDB မလေးရှားဖွံ့ဖြိုးရေး လုပ်ငန်းမှ နိုင်ငံဘဏ္ဍာများဒေါ်လာဘီလီယံချီပြီး အလွဲသုံးစားလုပ်ရာ၌ နာဂျစ်ကိုယ်တိုင် ကြီးကြပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီးနောက် မေလ ၉ ရက်နေ့တွင် ရွေးကောက်ပွဲပါ ရှုံးနိမ့်ခဲ့သည်။

အသက် ၆၄ နှစ်အရွယ်ရှိနာဂျစ်သည် မလေးရှားနိုင်ငံမှ ထွက်ခွာခွင့်ပါ ပိတ်ပင်ခံထားရသလို သူ့အိမ်နှင့် မိသားစုဝင်များ၏ နေအိမ်များမှ ငွေကြေး၊ ကျောက်မျက်ရတနာနှင့် ဇိမ်ခံပစ္စည်းများ သေတ္တာ ၂၈၀ ကျော်ကို ရဲများက ရှာဖွေသိမ်းဆည်းခဲ့သည်။

လာမည့် အင်္ဂါနေ့တွင် မလေးရှား ခြစားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လာရောက်ရန် ဆင့်ခေါ်ထားကြောင်း နိုင်ငံပိုင် ဘာနားမားသတင်းဌာနက ထုတ်ပြန်ထားသည်။

1MDB မလေးရှားဖွံ့ဖြိုးရေးလုပ်ငန်း၏ လက်အောက်ခံအဖွဲ့ဖြစ်သော SRC International နှင့်ပတ်သက်၍ နာဂျစ်၏ ထွက်ဆိုချက်ရယူရန် ဆင့်ခေါ်ထားခြင်းဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်သည်။

SRC International မှာ ၂၀၁၂ တွင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တိုက်ရိုက်ကြီးကြပ်မှုအောက် မရောက်မီ 1MDB လုပ်ငန်း၏ လက်အောက်ခံအဖွဲ့ ဖြစ်ခဲ့ဖူးသည်။

SRC နှင့် ပတ်သက်သောဒေါ်လာ သန်းရာနှင့်ချီပျောက်ဆုံးနေပြီး 1MDB အရှုပ်တော်ပုံတွင် အဓိကကျသောအဖွဲ့ အစည်းတစ်ခုဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း နာဂျစ်၊ သူ၏ မိသားစုနှင့် ခရိုနီများသည် 1MDB မှ ဒေါ်လာဘီလီယံချီ ခိုးယူအမြတ်ထုတ်ခဲ့ပြီး ယင်းကိစ္စကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရန် ကြိုးပမ်းသောအခါတွင် အစိုးရလုပ်ပိုင်ခွင့်ကို အသုံးချပြီး ဟန့်တားပိတ်ပင်ခဲ့သလို အပြည့်အဝစုံစမ်းစစ်ဆေးရန် တောင်းဆိုသူများကိုလည်း ဖမ်းဆီးခဲ့ပြီး ယင်းကိစ္စတင်ဆက်သည့် သတင်းဌာနများကိုလည်း ထိန်းချုပ်ဟန့်တားခဲ့သည်။

ယင်းအရှုပ်တော်ပုံအပေါ် အလွန်တရာစိတ်ပျက်မိကြောင်း ထုတ်ပြန်ပြောကြားခဲ့သည့် အသက် ၉၂ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာ မက်သည် အနားယူနေရာနေရာမှ နိုင်ငံရေးလောကထဲ တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ပြီး ပါတီအများအပြား ပါဝင်သော ညွန့်ပေါင်းအဖွဲ့ကြီးကို ဦးဆောင်ကာ မေလ ၉ နေ့ ရွေးကောက်ပွဲတွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

မဟာသီယာဝန်ကြီးချုပ် တစ်ကျော့ပြန်ဖြစ်လာချိန်မှစ၍ 1MDB အရှုပ်တော်ပုံကို အပြည့်အဝ စုံစမ်းစစ်ဆေးမည်ဟု ကြေညာထားသည်။

F-03