News

POST TYPE

NEWS

ထန်းတပင်မြို့နယ်တွင် သားအမိနှစ်ဦး ဓားထိုးခံရ၊ မိခင်ဖြစ်သူ သေဆုံး
ရန်ကုန်၊ မေ ၁၉ 

ထန်းတပင်မြို့နယ်၊ ဒိတ်ကုန်းကျေးရွာ အုပ်စု၊ ပေါက်တန်းကျေးရွာ၊ ကွက်သစ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မေလ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်က သားအမိနှစ်ဦး ဓားထိုးခံခဲ့ရကာ အသက် ၃၉ နှစ်အရွယ် မိခင်ဖြစ်သူသေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ဓားထိုးခံရမှုကြောင့် အသက် ၃၉ နှစ်အရွယ် မအေးအေးခိုင်မှာ လည်ပင်းထိုးသွင်းဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး သားဖြစ်သူ အသက် ၁၂ နှစ် အရွယ် အောင်မြင့်မြတ်မှာ လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် အင်းစိန်ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် တင်ပို့ကုသခဲ့ရကြောင်း၊ ယင်းနေ့က နေအိမ်အတွင်း သားအမိနှစ်ဦး အိပ်ပျော်နေစဉ် အသက် ၂၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး အမျိုးသမီးဖြစ်သူကို ဓားဖြင့်ထိုးကာ သားဖြစ်သူကို ထပ်မံဓားဖြင့် လှီးခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

“အသက် ၂၀ လောက်ရှိတဲ့ အမျိုးသားဆိုတာက သားဖြစ်သူကနေ ပြောပြလို့သိရတာ။ အော်သံကြားလို့ ပတ်ဝန်းကျင်က သွားကြည့်တဲ့အချိန်မှာ အမျိုးသမီးက သေနေပြီ၊ အခုဖြစ်တဲ့အိမ်က ပတ်ဝန်းကျင် အိမ်တွေနဲ့ နည်းနည်းဝေးတယ်။ ပြစ်မှုကျူးလွန်တဲ့သူက ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ဓားထိုးခံရသည့် သားအမိမှာ ယင်းနေအိမ်တွင် နှစ်ဦးတည်းနေထိုင်ပြီး ခင်ပွန်းဖြစ်သူမှာ တွံတေးမြို့နယ်ဘက်တွင် သွားရောက် အလုပ်လုပ်ကိုင်နေကြောင်း သိရှိရပြီး နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ဓားဖြင့်ထိုးသူ အမျိုးသားကို ဥပဒေအရ အရေးယူနိုင်ရန် တက်သစ် နယ်မြေရဲစခန်းက (ပ)၁၇၂/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16