News

POST TYPE

NEWS

အီရတ်ရွေးကောက်ပွဲတွင် ဘာသာရေးခေါင်းဆောင် မွတ်တာဒါအယ်လ်ဆာဒါးအစုက အနိုင်ရ


ဘဂ္ဂဒက်၊ မေ ၁၉

အီရတ်ရွေးကောက်ပွဲတွင် အမေရိကန်ကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့သူ၊ အီရတ်တွင် အီရန်ဩဇာလွှမ်းမှုကို ဆန့်ကျင်သူ လူကြိုက်များ တရားဟောဆရာ မွတ်တာဒါအယ်လ်ဆာဒါး၏ နိုင်ငံရေးပါတီက အနိုင်ရသွားသည်ဟု ရွေးကောက်ပွဲကော်မရှင်က စနေနေ့တွင် ထုတ်ပြန်ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မွတ်တာဒါအယ်လ်ဆာဒါးသည် ကိုယ်တိုင်ရွေးကောက်ပွဲဝင်ခြင်း မဟုတ်သောကြောင့် ဝန်ကြီးချုပ် မဖြစ်နိုင်သော်လည်း ၎င်း၏အဖွဲ့ အနိုင်ရမှုကြောင့် ညှိနှိုင်းဆွေးနွေးမှုများတွင် ထိထိရောက်ရောက် ပြောဆိုခွင့်ရှိသောနေရာကို ရရှိမည်ဖြစ်သည်။ ၎င်း၏ ဆိုင်ရွန်းပါတီသည် လွှတ်တော်တွင် ၅၄ နေရာ အနိုင်ရခဲ့သည်။

အီရန်နှင့် ရင်းနှီးပြီး IS အဖွဲ့ကို အနိုင်တိုက်ရာတွင် အဓိကကဏ္ဍမှ ပါဝင်ခဲ့သော ပြည်သူ့စစ်အုပ်စုများ ညွှန့်ပေါင်းအဖွဲ့၏ ခေါင်းဆောင် ဟာဒီအယ်လ်အန်မရီ၏ အယ်လ်ဖာတစ်အုပ်စုမှာမူ ၄၇ နေရာ အနိုင်ရကာ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

လက်ရှိဝန်ကြီးချုပ် ဟိုက်ဒါအယ်လ် အဘာဒီ ဦးဆောင်သည့် Victory Allience ပါတီမှာမူ ၄၂ နေရာ အနိုင်ရကာ တတိယအဆင့်တွင် ရပ်တည်နေသည်။

ယခုအောင်ပွဲသည် အံ့အားသင့်စရာ ပြောင်းလဲမှုဖြစ်သည်။ အမေရိကန်တပ်များ အပေါ် အကြမ်းဖက်ဆန္ဒပြမှုကို နှစ်ကြိမ် တိုင်တိုင် ဦးဆောင်ခဲ့သူ မွတ်တာဒါအယ်လ် ဆာဒါးသည် အီရန်ထောက်ခံသော ပြိုင်ဘက်များကြောင့် နှစ်ပေါင်းများစွာ ဘေးစည်းသို့ ရောက်နေခဲ့ရသည်။

မွတ်တာဒါအယ်လ်ဆာဒါးသည် ကွန်မြူနစ်များ၊ အီရတ်ဘာသာရေးအစုများနှင့် မဟာမိတ်ဖွဲ့မည့် အလားအလာမရှိဘဲ ဝါရှင်တန်နှင့် တီဟီရန် နှစ်ဖက်စလုံးက ထောက်ခံအားပေးနေသော အီရတ်တွင် နိုင်ငံခြားကြားဝင်စွက်ဖက်မှုကို ဆန့်ကျင်သည်ဟု ပြောကြားသည်။

ရေနံဈေးနှုန်းကျဆင်းမှုများနှင့် IS စစ်ပွဲတို့ကြောင့် ယိုယွင်းပျက်စီးနေသော အီရတ်နိုင်ငံတွင် ဆင်းရဲသားများကို ကူညီရန်နှင့် စာသင်ကျောင်းများ၊ ဆေးရုံများ တည်ဆောက်ရန် ၎င်းက ကတိပေးထားသည်။

အီရတ်တွင် မွတ်တာဒါအယ်လ် ဆာဒါးအဖွဲ့ကို အုပ်ချုပ်ခွင့်မပြုနိုင်ဟု အီရန်က ရွေးကောက်ပွဲမတိုင်မီ လူသိရှင်ကြား ပြောဆိုထားသည်။

ရလဒ်များ ထွက်ပေါ်လာပြီးနောက် မွတ်တာဒါအယ်လ်ဆာဒါးက ပြုပြင်ပြောင်းလဲရေး အောင်ပွဲခံပြီး အဂတိလိုက်စားမှုများချုပ်ငြိမ်းတော့မည်ဟု Twitter တွင် ပြောဆိုလိုက်သည်။

နေရာအများဆုံး အနိုင်သော်လည်း မွတ်တာဒါအယ်လ်ဆာဒါးသည် ဝန်ကြီးချုပ်ကို စိတ်ကြိုက်ရွေးချယ်နိုင်မည် မဟုတ်ဘဲ အခြား အနိုင်ရပါတီများ၏ သဘောတူညီမှုကို လိုအပ်မည်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဒုတိယသမ္မတ အယ်လာဝီအစုသည် ပွတ်ကာသီကာ အနိုင်ရခဲ့သော်လည်း အယ်လာဝီသည် ဝန်ကြီးချုပ်ဖြစ်မလာအောင် ပိတ်ဆို့ခြင်းခံခဲ့ရပြီး ထို့အတွက် ၎င်းက တီဟီရန်ကို အပြစ်တင်ခဲ့သည်။

လက်ရှိဝန်ကြီးချုပ် အဘာဒီသည် အမေရိကန်တို့နှင့် အီရန်တို့၏ ယှဉ်ပြိုင်မှုကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သူဖြစ်သောကြောင့် အုပ်စုအားလုံးက လက်ခံနိုင်သော ဝန်ကြီးချုပ်လောင်းအဖြစ် အလားအလာရှိနေဆဲဖြစ်သည်။

အီရန်ဘက်တွင် ခြေကုပ်ယူကာ ဆက်ဒမ်ဟူစိန်ကို နှစ်ပေါင်းနှစ်ဆယ် တိုက်ခိုက်ခဲ့သူ အမ်မရီသည်လည်း ဩဇာကြီးသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။

တီဟီရန်၏ အတည်ပြုမှုလိုအပ်မည့် အစိုးရသစ်ဖွဲ့စည်းရေးအတွက် အီရန်တော်လှန်ရေး အစောင့်တပ်မှ ဗိုလ်ချုပ် ကာဆမ်ဆိုလီမာနီသည် ဘဂ္ဂဒက်နိုင်ငံရေးသမားများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု သိရှိရသည်။

ညှိနှိုင်းမှုများသည် လနှင့်ချီ၍ ကြာမြင့်နိုင်ပြီး အခြေခံဥပဒေအရ ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ပြီး ရက်ပေါင်းကိုးဆယ်အတွင်း အစိုးရဖွဲ့စည်းရမည်ဖြစ်သည်။

F-04